စက်သုံးဆီပြတ်လပ်တော့မည်ဆိုသည့် ကောလာဟလသတင်းများကြောင့် စိုးရိမ်ပူပန်မှုမဖြစ်စေလို

ခရီးသွားရာသီဖြစ်သည့် ဒီဇင်ဘာလတွင် စက်သုံးဆီပြတ်လပ်တော့မည်ဆိုသည့် ကောလာဟလသတင်းများကြောင့် အများပြည်သူစိုးရိမ်ပူပန်မှုမြင့်တက်ကာ စက်သုံးဆီဝယ်ယူမှု ပိုမိုများပြားခဲ့သည်။ လိုသည်ထက်ပို၍ ဝယ်လိုအားများပြားခဲ့ခြင်းကြောင့် တန်းစီစောင့်ဆိုင်းဝယ်ယူခဲ့ရသည့်အခြေအနေများ ဖြစ်ပေါ်ခဲ့ရသည်။

လက်ရှိဆောင်ရွက်နေသည့် စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးမှုအခြေအနေနှင့်ပတ်သက်၍ စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအတွင်းရေးမှူး ဦးသန်းဇော်နှင့် ယခုကဲ့သို့ တွေ့ဆုံမေးမြန်းခဲ့သည်။

မေး။ ။နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အချို့က စက်သုံးဆီအရောင်းဆိုင်တွေမှာ စက်သုံးဆီဝယ်ယူဖို့ တန်းစီစောင့်ဆိုင်းဝယ်ယူနေရပါတယ်။ ဒီလိုအခြေအနေ တွေဖြစ်ပေါ်ရတဲ့အကြောင်းရင်းကို သိရှိလိုပါတယ်။

ဖြေ။ ။ အခုလတ်တလောမှာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနဲ့ တိုင်းဒေသကြီး/ပြည်နယ်အချို့မှာရှိတဲ့ စက်သုံးဆီအရောင်းဆိုင်တွေမှာ တန်းစီဝယ်ယူနေတာတွေ အများကြီးဖြစ်ပေါ်နေပါတယ်။ မကြာမီစက်သုံးဆီပြတ်လပ်တော့မယ်၊ ဈေးတွေလည်းတက်တော့မယ်ဆိုတဲ့ ကောလာဟလသတင်းတွေနဲ့ လတ်တလောလူမှုကွန်ရက်က မဟုတ်မမှန်သတင်းတွေကြောင့် ပြည်သူလူထုအနေနဲ့ စိုးရိမ်ပူပန်မှုတွေဖြစ်ပေါ်ပြီး ပုံမှန်သုံးစွဲမှုပမာဏထက် ကျော်လွန်ဝယ်ယူနေတာတွေကြောင့်ဖြစ်တယ်လို့ သုံးသပ်တွေ့ရှိရပါတယ်။

သုံးစွဲသူတချို့ကလည်း ကိုယ်ချင်းစာနာစိတ်မရှိဘဲ အခေါက်ခေါက်ထုတ်ယူသိုလှောင်ပြီး တစ်ဆင့်ပြန်လည် အမြတ်တင်ရောင်းချနေတာမျိုးတွေလည်းရှိတယ်လို့ ကြားသိရပါတယ်။ ဒါ့အပြင် CNG Taxi တွေကလည်း စက်သုံးဆီကိုမလိုအပ်ဘဲ အခြားနည်းအသုံးပြုဖို့ ဝယ်ယူနေကြတယ်လို့ ကြားသိရတဲ့အတွက် CNG Taxi တွေကို စက်သုံးဆီလုံးဝမရောင်းဖို့ ညွှန်ကြားထားပြီးဖြစ်ပါတယ်။ အဓိကမြို့ကြီးတွေရဲ့ အရောင်းဆိုင်အချို့မှာ ယာဉ်တွေတန်းစီဝယ်ယူမှုများပြားနေရတဲ့ နောက်ထပ်အကြောင်းရင်းကို ဆန်းစစ်ကြည့်တဲ့အခါ သုံးစွဲသူတွေအနေနဲ့ မိမိတို့ရဲ့သွားလာရာလမ်းကြောင်းအရလည်းကောင်း၊ လိုအပ်တဲ့အချိန်နဲ့ ပမာဏအရလည်းကောင်း နီးစပ်ရာလမ်းကြောင်း သင့်တဲ့ဆိုင်တွေ၊ Brand, Incentive, Service ကောင်းတဲ့ဆိုင်တွေမှာပဲ အဓိကတန်းစီ ဝယ်ယူလိုကြတာကြောင့်လည်းဖြစ်ပါတယ်။ ဒီအပြင်ပွင့်လင်းရာသီမှာ ခရီးသွားလာမှုတွေ၊ မီးစက်သုံးစွဲမှုတွေများပြားလာတာကြောင့် ဝယ်ယူမှုမြင့်တက်လာရတဲ့ အကြောင်းရင်းတစ်ခုလည်း ဖြစ်ပါတယ်။

ဒီလိုအခြေအနေတွေကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် ဒီဇင်ဘာ ၁ ရက်မှ ၈ ရက်အထိ ရှစ်ရက်တာကာလအတွင်း 92 Ron ဂါလန် ၆သန်း ၇ သိန်းနီးပါး၊ 95 Ron ဂါလန် ၁ သန်း ၇ သိန်းခန့်၊ HSD ဂါလန် ၆ သန်းကျော်၊ PD ဂါလန် ၇ သန်း ၁ သိန်းကျော် ဖြန့်ဖြူးပေးခဲ့ရပါတယ်။ တစ်ရက်ပျမ်းမျှအနေနဲ့ 92 Ron ဂါလန် ၈ သိန်း ၃ သောင်းကျော်၊ 95 Ron ဂါလန် ၂သိန်း၁သောင်းကျော်၊ HSD ဂါလန် ၇ သိန်း ၅ သောင်းကျော်၊ PD ဂါလန် ၈ သိန်း၉သောင်းကျော် ဖြန့်ဖြူးပေးခဲ့ရပါတယ်။ အထူးသဖြင့် အခုရက်ပိုင်းအတွင်းမှာ ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် ရန်ကုန်တိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးတွေမှာ ဖွင့်လှစ်ထားတဲ့ လိုင်စင်ရအရောင်းဆိုင်တွေကို ယခင်ဖြန့်ဖြူးပေးနေတဲ့ ပမာဏထက် 92 Ron ဂါလန် ၂ သိန်း ၃ သောင်းကျော်၊ 95 Ron ဂါလန် ၁ သိန်း ၂ သောင်း ကျော်၊ HSD ဂါလန် ၁ သိန်း ၃ သောင်းကျော်နဲ့ PD ဂါလန် ၂ သိန်း ၄ သောင်းကျော် ပိုမိုဖြန့်ဖြူးပေး ခဲ့ရတာဖြစ်ပါတယ်။

စက်သုံးဆီ ပုံမှန်ဝယ်ယူသုံးစွဲမှုပမာဏထက် ပိုမိုဖြန့်ဖြူးပေးနေပေမယ့်လည်း အခုရက်ပိုင်းမှာ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးမှာရှိတဲ့ စက်သုံးဆီအရောင်းဆိုင်တွေအပြင် အချို့တိုင်းဒေသကြီး၊ ပြည်နယ်တွေက စက်သုံးဆီအရောင်းဆိုင်တွေမှာလည်း ကားတွေ၊ ဆိုင်ကယ်တွေအများကြီး တန်းစီဝယ်ယူနေကြတာကြောင့် ဖြည့်တင်းပေးနိုင်မှုစွမ်းအားထက်ကျော်လွန်တဲ့ အရောင်းဆိုင်အချို့မှာ ဆီဖြည့်တင်းဖို့ထွက်ခွာလာတဲ့ ဆီသယ်ယာဉ်မရောက်မီကာလအတွင်း ခေတ္တအရောင်းရပ်ဆိုင်းထားရတဲ့ အခြေအနေမျိုးတွေရှိပေမယ့် အချိန်မီဖြည့်တင်းနိုင်ရေး ဆောင်ရွက်နေပါတယ်။

ကျွန်တော့်အနေနဲ့ ပြောကြားချင်တာက စက်သုံးဆီတွေကို လိုအပ်တာထက်ပိုမိုဝယ်ယူပြီး တရားမဝင်သိုလှောင်ထားတာ၊ တစ်ဆင့်ပြန်လည်ရောင်းချတာ၊ အခေါက်ခေါက် တန်းစီဝယ်ယူတာမျိုးမပြုကြဖို့နဲ့ မိမိတို့လိုအပ်သလောက်ကိုသာ စိတ်အေးချမ်းသာစွာ ဝယ်ယူသုံးစွဲကြပါလို့ ပြောလိုပါတယ်။

ဒီလိုတရားမဝင်သိုလှောင်ထားတာ၊ တစ်ဆင့်ပြန်လည်ရောင်းချတာတွေက ဥပဒေနဲ့မညီတဲ့အပြင် မီးဘေးအန္တရာယ်အတွက်လည်း အင်မတန်စိုးရိမ်စရာဖြစ်တဲ့အတွက် မိမိအကျိုးစီးပွားကြောင့် အများပြည်သူထိခိုက်နစ်နာမှာကို မပြုလုပ်ကြဖို့ မေတ္တာရပ်ခံလိုပါတယ်။

မေး။ ။စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးရေးလုပ်ငန်းကြီးကြပ်ရေးကော်မတီက စက်သုံးဆီရည်ညွှန်းဈေးတွေကို နေ့စဉ်ထုတ်ပြန်နေတာ တွေ့ရပါတယ်။ လက်ရှိ စက်သုံးဆီဈေးနှုန်း အခြေအနေကို သိရှိလိုပါတယ်။

ဖြေ။ ။ ပြည်တွင်းစက်သုံးဆီရောင်းဈေးအတက်/အကျက ကမ္ဘာ့ရေနံဈေးနှုန်း၊ အဓိကဝယ်ယူတင်သွင်းတဲ့ စင်ကာပူနိုင်ငံရဲ့ MOPS ဈေးနှုန်း၊ နိုင်ငံခြားငွေလဲလှယ်နှုန်းတို့အပေါ်မှာမူတည်ပြီး အပြောင်းအလဲဖြစ်ပေါ်တာဖြစ်ပါတယ်။ အခုအပတ်မှာဆိုရင် ပြည်တွင်းစက်သုံးဆီရောင်းဈေးနှုန်းက ကမ္ဘာ့ရေနံဈေးနှုန်းနဲ့ စင်ကာပူနိုင်ငံရဲ့ MOPS ဈေးနှုန်းကျဆင်းမှုကြောင့် အရင်အပတ်ထက်စာရင် တစ်လီတာအပေါ် ဓာတ်ဆီ 92 Ron က ၄၅ မှ ၅၀ကျပ်အထိ၊ 95 Ron က ၆၅ မှ ၇၀ကျပ်အထိ၊ HSD (50 ppm) နဲ့ HSD (10 ppm)က ၃၅မှ ၄၀ကျပ်အထိ ကျဆင်းခဲ့ပါတယ်။ HSD(500 ppm)ကသာ တစ်လီတာကို ငါးကျပ် မြင့်တက်မှုဖြစ်ပေါ်ခဲ့ပါတယ်။

နိုင်ငံတွင်းကုန်သွယ်မှုနဲ့ ကုန်စည်စီးဆင်းမှု ပိုမိုမှန်ကန်မြန်ဆန်စေရေးနဲ့ ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ စက်မှုလုပ်ငန်း၊ တည်ဆောက်ရေးလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ တွင်းထွက်တူးဖော်ရေးလုပ်ငန်းတွေနဲ့ ရေလုပ်ငန်းတွေမှာ အဓိကသုံးစွဲတဲ့ဒီဇယ်ဆီကို လုံလုံလောက်လောက် ဈေးနှုန်းသက်သာစွာနဲ့ သုံးစွဲနိုင်ဖို့ နိုင်ငံတော်အနေနဲ့ ပိုမိုအလေးထား ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။

ပြည်တွင်းစက်သုံးဆီ ရောင်းဈေးနှုန်းတွေအနေနဲ့ အာဆီယံဒေသတွင်း နိုင်ငံတွေမှာ ဓာတ်ဆီကစင်ကာပူ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနိုင်ငံတို့ထက် များစွာလျော့နည်းသက်သာနေပြီး ဒီဇယ်ဆိုရင် စင်ကာပူ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနိုင်ငံတို့ထက် များစွာလျော့နည်းသက်သာနေတာကို နှိုင်းယှဉ်တွေ့ရှိရမှာ ဖြစ်ပါတယ်။

မေး။ ။ လက်ရှိအချိန်မှာ စက်သုံးဆီကို အများပြည်သူတွေဝယ်ယူသုံးစွဲနိုင်ဖို့ ဘယ်လို ဖြန့်ဖြူးနေတယ်ဆိုတာကိုလည်း ပြောကြားပေးစေလိုပါတယ်။

ဖြေ။ ။ ပြည်ပက တင်သွင်းရောက်ရှိလာတဲ့ စက်သုံးဆီတွေကို သီလဝါဆိပ်ကမ်းက သက်ဆိုင်ရာသိုလှောင်ကန်စခန်းတွေမှာ စက်သုံးဆီအမျိုးအစားအလိုက် သိုလှောင်ပြီးမြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်း(MPTA)ရဲ့ စီမံခန့်ခွဲမှုနဲ့ အများပြည်သူသုံးစွဲနိုင်ဖို့ နိုင်ငံ တစ်ဝန်းကအရောင်းဆိုင်တွေနဲ့ လယ်ယာစိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ စက်မှုလုပ်ငန်း၊ တည်ဆောက်ရေးလုပ်ငန်း၊ ဆက်သွယ်ရေးလုပ်ငန်းနဲ့ ရေလုပ်ငန်းတွေအပါအဝင် အခြားလုပ်ငန်းကဏ္ဍတွေအတွက်သုံးစွဲဖို့ စက်သုံးဆီတွေကို စနစ်တကျဖြန့်ဖြူးပေးပါတယ်။ စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးရေးလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေနဲ့ ဖြန့်ဖြူးရေးလုပ်ငန်းတွေအပါအဝင် ရေကြောင်းက စက်သုံးဆီသယ်ယူပို့ဆောင်တာ၊ ဆီတင်ယာဉ်ဘောက်ဆာနဲ့ သယ်ယူပို့ဆောင်တာတွေကို လုပ်ငန်းစဉ်တစ်လျှောက် အဆင်ပြေချောမွေ့စေဖို့ သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။

အထူးသဖြင့် စက်သုံးဆီအဓိကဖြန့်ဖြူးပေးနေတဲ့ သီလဝါဆိပ်ကမ်းက သိုလှောင်ကန်စခန်းရှစ်ခုမှာ တစ်နေ့ကို ဘောက်ဆာအစီးရေ ၁၅၀၀ ကနေ ၁၈၀၀ ကြား ဝင်ထွက်ပြီးလုပ်ငန်းတွေ ဆောင်ရွက်နေတာကြောင့် ယာဉ်ကြောပိတ်ဆို့မှုမရှိစေဖို့ ယာဉ်ထိန်းရဲတပ်ဖွဲ့အပါအဝင် သက်ဆိုင်ရာဌာနတွေနဲ့ပူးပေါင်းပြီး ဖြေရှင်းဆောင်ရွက်တာ၊ သိုလှောင်ကန်ကနေ ဘောက်ဆာကို ဆီဖြည့်တင်း တဲ့လုပ်ငန်းတွေ အဆင်ပြေချောမွေ့မြန်ဆန်စွာ လုပ်ငန်းပြီးမြောက်နိုင်ဖို့နဲ့ လောင်စာဆီဖြည့်တင်းတာဖြစ်တဲ့အတွက် မီးဘေးကာကွယ်ရေးဆိုင်ရာလုပ်ငန်းစဉ်တွေနဲ့အညီ ဆောင်ရွက်ပေးနိုင်ဖို့ စက်သုံးဆီဖြည့်တင်းရေးဝန်ထမ်းတွေကို နှိုးဆော်ကြပ်မတ်တာ၊ စနစ်တကျ ကြီးကြပ်တာတွေ ဆောင်ရွက်ပေးလျက်ရှိပါတယ်။

မေး။ ။ ပြည်တွင်းမှာ စက်သုံးဆီပြတ်လပ်မှုမရှိစေဖို့ ဝယ်ယူတင်သွင်းနေတဲ့အခြေအနေကိုလည်း ပြောပြပေးစေလိုပါတယ်။

ဖြေ ။ ။ ပြည်တွင်းသုံးစွဲမှုပမာဏရဲ့ ၉၀ ရာခိုင် နှုန်းကျော်က အဓိကစင်ကာပူနိုင်ငံကနေ အချိန်နဲ့တစ်ပြေးညီ ဝယ်ယူတင်သွင်းသိုလှောင် ဖြန့်ဖြူးပေးနေတာဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာ တစ်လပျမ်းမျှ မက်ထရစ်တန် ၅ ဒသမ ၀ သန်းဝန်းကျင်တင်သွင်းဖြန့်ဖြူးပေးနေပါတယ်။ လစဉ်ပြည်တွင်းမှာ ဖူလုံစွာသုံးစွဲနိုင်ဖို့လိုအပ်တဲ့ စက်သုံးဆီအမျိုးအစားအလိုက် ပမာဏကိုတွက်ချက်ပြီး အဲဒီပမာဏအတိုင်း သင်္ဘောတွေကို ခန့်မှန်းရောက်ရှိလာမယ့်အချိန်၊ ဆိုက်ကပ်ရမယ့် Jetty တွေရဲ့အခြေအနေ၊ Terminal တွေရဲ့ သိုလှောင်နိုင်မှုပမာဏ၊ ဘောက်ဆာတွေ ဝင်/ထွက် ထုတ်ယူဖြန့်ဖြူးပေးနိုင်မှုအခြေအနေတို့နဲ့ကိုက်ညှိပြီး ပြည်ပနိုင်ငံက ဆီတင်သင်္ဘောတွေအတွက် Shipment Plan ကို ရေးဆွဲတင်သွင်းနေတာဖြစ်ပါတယ်။ ဒီအပြင် ရာသီအလိုက်၊ ပွဲတော်တွေအလိုက်၊ စိုက်ပျိုးရေးနဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေအလိုက် လိုအပ်ချက်တွေကိုလည်း ထည့်သွင်းသုံးသပ်ရေးဆွဲပြီး တင်သွင်းနေတာဖြစ်ပါတယ်။

မေး။ ။ တစ်နိုင်ငံလုံးသုံးစွဲမှု အခြေအနေအရ စက်သုံးဆီဖူလုံမှုရှိအောင် ဘယ်လိုတွေဆောင်ရွက်နေတယ်ဆိုတာကို သိရှိလိုပါတယ်။

ဖြေ။  ။  ဒီဇင်ဘာ၈ရက်အထိ သီလဝါသိုလှောင် ကန်စခန်းတွေ၊ အခြားဒေသက သိုလှောင်ကန်စခန်းတွေမှာ စက်သုံးဆီလက်ကျန်အခြေအနေနဲ့ ပြည်တွင်းလမ်းခရီး သယ်ယူပို့ဆောင်နေမှုတွေအပါအဝင် သီလဝါဒေသ Jetty တွေမှာ ဆိုက်ကပ်ထားတဲ့ ဆီတင်သင်္ဘောခြောက်စင်း၊ ပင်လယ်ဝ Pilot Station မှာဆိုက်ကပ်ထားတဲ့ ဆီတင်သင်္ဘောကိုးစင်း၊ စင်ကာပူကနေ ဆီတင်ပြီးထွက်လာတဲ့ ဆီတင်သင်္ဘောတစ်စင်းစုစုပေါင်း ၁၆ စင်းရှိတာကြောင့် ပြည်တွင်းသုံးစွဲမှုပမာဏအရ အများပြည်သူတွေအနေနဲ့ စက်သုံးဆီပြတ်လပ်မှာကို စိုးရိမ်ပူပန်စရာမလိုကြောင်း သတင်းစကားပါးလိုပါတယ်။ ဒီအပြင်နောက်ထပ်ဒီဇင်ဘာလအတွင်းမှာပဲ ပြည်ပက ဆီတင်သင်္ဘော ၂၇ စင်းနဲ့ ထပ်မံတင်သွင်းဖို့ Supplier တွေနဲ့ ညှိနှိုင်းဆောင်ရွက်ထားရှိပြီးလည်း ဖြစ်ပါတယ်။

မေး ။ ။ လတ်တလော စက်သုံးဆီပြတ်လပ်နေပြီဆိုတဲ့ ကောလာဟလသတင်းတွေနဲ့ပတ်သက်ပြီး ပြည်သူလူထုက စိုးရိမ်ပူပန်မှုမြင့်တက်နေတဲ့အပေါ် ကော်မတီအနေနဲ့ ဘယ်လိုသတင်း စကားပါးလိုပါသလဲ။

ဖြေ ။ ။ စက်သုံးဆီ သိုလှောင်ကန်စခန်းတွေမှာရှိတဲ့ စက်သုံးဆီတွေကို ဆီသယ်ယာဉ်ဘောက်ဆာတွေနဲ့ နေ့စဉ်ဖြန့်ဖြူးပေးနေတဲ့အတွက် လတ်တလောပျံ့နှံ့နေတဲ့ စက်သုံးဆီပြတ်လပ်နေပြီဆိုတဲ့ ကောလာဟလသတင်းတွေက မှန်ကန်မှုမရှိကြောင်း ကျွန်တော့်အနေနဲ့ပြောကြားလိုပါတယ်။ လက်ရှိမှာ ပြည်ပကမှာယူထားတဲ့ ဆီတင်သင်္ဘောတွေအနေနဲ့ သီလဝါဆိပ်ကမ်းမှာ ခြောက်စင်းဆိုက်ကပ်ထားပြီး ဓာတ်ဆီတန်ချိန် ၂၄၃၁၉ တန်ကျော်၊ ဒီဇယ်ဆီတန်ချိန် ၅၃၃၁၅ တန်ကျော်ကို သက်ဆိုင်ရာသိုလှောင်ကန်တွေဆီကို ချယူနေပြီဖြစ်ပါတယ်။ ဒါ့အပြင် ပင်လယ်ဝမှာ အသင့်ရောက်ရှိနေတဲ့ ဓာတ်ဆီတန်ချိန် ၆၇၇၃၇ တန်ကျော်၊ ဒီဇယ် ဆီ ၆၅၃၅၉ တန်ကျော်သယ်ဆောင်လာတဲ့ သင်္ဘောကိုးစင်းလည်း သီလဝါဆိပ်ကမ်းကိုဆိုက်ကပ်နိုင်ဖို့ အသင့်စောင့်ဆိုင်းလျက်ရှိပါတယ်။ ပြည်ပမှာလည်း မြန်မာနိုင်ငံအတွက် ဝယ်ယူထားပြီးဖြစ်တဲ့ စက်သုံးဆီတွေကို ဆီတင်သင်္ဘောတွေပေါ် တင်ဆောင်ဖြည့်တင်းလျက်ရှိတဲ့အပြင် ဆီဖြည့်တင်းပြီး လာရောက်ဆဲဆီတင်သင်္ဘောတွေလည်း ရှိနေပါတယ်။ မြန်မာနိုင်ငံအတွက် စက်သုံးဆီဝယ်ယူထားပြီး ဆီတင်သင်္ဘောတွေပေါ် တင်ဆောင်တာ၊ လမ်းခရီးသယ်ယူတာ၊ မြန်မာနိုင်ငံပင်လယ်ဝမှာ အသင့်စောင့်ဆိုင်းတာနဲ့ ဆိပ်ကမ်းတွေမှာ ဆိုက်ကပ်ချယူတဲ့ လုပ်ငန်းစဉ်တွေ စဉ်ဆက် မပြတ်ရှိနေတယ်ဆိုတာကိုလည်း အသိပေးလိုပါတယ်။

ဒါကြောင့် အများပြည်သူအနေနဲ့ စက်သုံးဆီပြတ်လပ်နေပြီဆိုတဲ့ ကောလာဟလသတင်းတွေအပေါ် မယုံကြည်ကြဖို့နဲ့ စက်သုံးဆီအရောင်းဆိုင်တွေမှာ မိမိလိုအပ်သလောက်သာ ဝယ်ယူဖြည့်တင်းကြဖို့ အသိပေးလိုပါတယ်။ ဒါမှသာအခုလို အရောင်းဆိုင်တွေမှာ ကားတွေတန်းစီပြီးဝယ်ယူရတဲ့အတွက် ကုန်ဆုံးရတဲ့အချိန်တွေ သက်သာမှာဖြစ်ပါတယ်။ အများပြည်သူကို အထူးအသိပေးလိုတာ က ၂၀၁၇ ခုနှစ် ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေပုဒ်မ ၃၀ အရ “မည်သူမျှ ဤဥပဒေအရလိုင်စင်ရယူရန် လိုအပ်သည့်လုပ်ငန်းသို့မဟုတ် ဆောင်ရွက်မှုတစ်ခုကို သက်ဆိုင်ရာလိုင်စင်ရယူခြင်းမရှိဘဲ လုပ်ကိုင်ဆောင်ရွက်ခြင်းမပြုရ”ဟု ပြဋ္ဌာန်းထားတဲ့အတွက် စက်သုံးဆီတွေကို လိုင်စင်မဲ့သယ်ယူ ပို့ဆောင်တာ၊ သိုလှောင်တာ၊ ရောင်းချတာတွေစစ်ဆေးတွေ့ရှိရရင် အနည်းဆုံးဒဏ်ငွေကျပ် သုံးသိန်းမှ အများဆုံးဒဏ်ငွေကျပ်သိန်း ၅၀ အထိ ငွေဒဏ်ဖြစ်စေ၊ တစ်နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ ပြစ်ဒဏ်အပြင် အပြစ်ဒဏ်နှစ်ရပ်လုံးစီရင်ခြင်းခံရမယ့်အပြင် ပြစ်မှုကျူးလွန်ခြင်းနှင့် သက်ဆိုင် သောပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရမှာဖြစ်ပါတယ်။ ဒါကြောင့် ဆီဆိုင်တွေမှာ ဆီတွေတိုးဝယ်ပြီး အပြင်မှာလိုင်စင်မဲ့ရောင်းချတာ၊ နေအိမ်၊ ခြံဝင်းတွေ၊ ဘယ်နေရာမဆိုလိုင်စင်မဲ့ ရောင်းချတာတွေကို စစ်ဆေးကြပ်မတ်ပြီး ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လောင်စာဆီတွေကို အများပြည်သူကြားမှာ လိုင်စင်မဲ့ရောင်းချတာက မီးဘေးအန္တရာယ်အထူးစိုးရိမ်ရတာကြောင့် အများပြည်သူအနေနဲ့ သက်ဆိုင်ရာဌာနတွေကို သတင်းပေးတိုင်ကြားဖို့ မေတ္တာရပ်ခံ တိုက်တွန်းလိုပါတယ်။

အခုရက်ပိုင်းအတွင်းမှာ စက်သုံးဆီတွေကို ပုံမှန်ထက်ပိုမိုဖြန့်ဖြူးပေးခဲ့ပါတယ်။ Supply chain တစ်ခုလုံးမှာ ကျွန်တော်တို့နိုင်ငံအတွက်ဝယ်ယူထားတဲ့ စက်သုံးဆီတွေ စဉ်ဆက်မပြတ်ရှိနေပါတယ်။ ဒါကြောင့် အခုလို စက်သုံးဆီပြတ်လပ်နေပြီဆိုတဲ့ ကောလာဟလသတင်းတွေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေမရှိစေဖို့ ကျွန်တော်တို့ကော်မတီက စက်သုံးဆီတင်သွင်းဖြန့်ဖြူးတဲ့လုပ်ငန်းတွေ လက်တွေ့ဆောင်ရွက်နေတဲ့ အခြေအနေမှန်ကို အများပြည်သူသိရှိအောင် ရှင်းလင်းပြောကြားခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်လို့ ပြောကြားလိုပါတယ်။

တွေ့ဆုံမေးမြန်း - မျိုးဆက်သစ်၊ ဓာတ်ပုံ - ပြည့်စုံ