၂ စက်တင်ဘာ
မြန်မာနေရှင်နယ်လိဂ်က ရွေးချယ်ချီးမြင့်သည့် ၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ၏ စက်တင်ဘာ/အောက်တိုဘာအတွက် လအလိုက်အကောင်းဆုံးဆုကို ရှမ်းယူနိုက်တက်အသင်းနည်းပြချုပ် ဦးအောင်နိုင်နှင့် ဂိုးသမားမျိုးမင်းလတ်တို့က ရရှိခဲ့သည်။
ယင်းဆုများကို အောက်တိုဘာ ၁ ရက်က ကျင်းပသည့် ရှမ်းယူနိုက်တက်နှင့် ရတနာပုံပွဲအပြီးတွင် ချီးမြင့်ခဲ့ပြီး အကောင်းဆုံးနည်းပြဆုရ ဦးအောင်နိုင် (ရှမ်းယူနိုက်တက်) ကို ဆုတံဆိပ်နှင့် ဆုကြေးကျပ်တစ်သိန်းခွဲ၊ အကောင်းဆုံးကစားသမားဆုရ မျိုးမင်းလတ်(ရှမ်းယူနိုက်တက်)ကို ဆုတံဆိပ်နှင့် ဆုကြေးကျပ်နှစ်သိန်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမှုဆောင် ဦးခွန်နောင်မြင့်ဝေနှင့် မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်တို့က ပေးအပ်ချီးမြင့်ခဲ့သည်။
ဦးအောင်နိုင်သည် လအလိုက်အကောင်းဆုံးဆုကို နှစ်လဆက်တိုက်ရရှိခဲ့ပြီး ဂိုးသမားမျိုးမင်းလတ်မှာမူ ကစားသမားဘဝတစ်လျှောက် ပထမဆုံးရရှိခဲ့ခြင်းဖြစ်သည်။ မြန်မာနေရှင်နယ်လိဂ်သည် လက်ကျန်ပွဲများကို ဆက်တိုက်ကစားရသောကြောင့် ပွဲစဉ်လေးခုအပြီး တစ်ကြိမ် ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာ/အောက်တိုဘာ အတွက် အကောင်းဆုံးဆုကို ပွဲစဉ် (၁၇)မှ (၂၀) အထိ ကျင်းပသည့် လေးပွဲအပေါ် တွက်ချက်ကာ ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။
ယခုရာသီတွင် လအလိုက်အကောင်းဆုံးဆု ငါးကြိမ်ချီးမြင့်ခဲ့ပြီး ဇန်နဝါရီအတွက် နည်းပြဆုကို ဦးမျိုးမင်းထွန်း (ဟံသာဝတီ)၊ ကစားသမားဆုကို ဒိုနယ်(ဟံသာဝတီ)၊ ဖေဖော်ဝါရီအတွက် နည်းပြဆုကို ဦးတင်မောင်ထွန်း (ရန်ကုန်)၊ ကစားသမားဆုကို မောင်မောင်လွင် (ရန်ကုန်)၊ မတ်/သြဂုတ်အတွက် နည်းပြဆုကို ဦးမျိုးမင်းထွန်း (ဟံသာဝတီ)၊ ကစားသမားဆုကို ဒေးဗစ်ဒန်း (ရှမ်း)၊ စက်တင်ဘာအတွက် နည်းပြဆုကို ဦးအောင်နိုင် (ရှမ်း)၊ ကစားသမားဆုကို ဟိန်းထက်အောင် (ဟံသာဝတီ)၊ စက်တင်ဘာ/အောက်တိုဘာအတွက် နည်းပြဆုကို ဦးအောင်နိုင်(ရှမ်း)နှင့် ကစားသမားဆုကို မျိုးမင်းလတ်(ရှမ်း)တို့က ရရှိခဲ့သည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်