စက်တင်ဘာတွင်ကစားမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်းကို ကစားသမား ၃၅ ဦးဖြင့် ဖွဲ့စည်း

နေပြည်တော်  ၂၀ သြဂုတ်

မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် ရာဒူလိုဗစ်သည် စက်တင်ဘာတွင် ကစားမည့် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲအတွက် ပဏာမကစားသမား ၃၅ ဦးဖြင့် ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။

ယခုဖွဲ့စည်းလိုက်သည့် မြန်မာ့လက်ရွေးစင်အသင်းတွင် ဇွန်လက စင်ကာပူလက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲကစားခဲ့သည့် လူစာရင်းမှ ကစားသမားအများစု ပြန်ပါလာပြီး လက်ရွေးစင်အသင်းနှင့် ကာလအတန်ကြာ ဝေးကွာနေသည့် ပြည့်ဖြိုးအောင် (ဂိုး)၊ ရွှေလှိုင်ဝင်း၊ တင်ဝင်းအောင်၊ ဇွန်မိုးအောင်၊ ကြည်လင်း၊ ကောင်းစည်သူတို့လည်း ပြန်လည်ရွေးချယ်ခံခဲ့ရသည်။

ထို့ပြင် ပြည်မိုး၊ အောင်ကောင်းမာန်နှင့် အောင်ဝဏ္ဏစိုးတို့လည်း ပဏာမလူစာရင်းတွင် ပထမဆုံးရွေးချယ် ခံခဲ့ရသည်။ မြန်မာ့လက်ရွေးစင် အသင်းတွင် ဂိုးသမား-ကျော်ဇင်ထက်၊ ဆန်းဆက်နိုင် (ရန်ကုန်)၊ ကျော်ဇင်ဖြိုး (ဧရာဝတီ)၊ ပြည့်လျှံအောင် (ရတနာပုံ)၊ ပြည့်ဖြိုးအောင် (Southern)၊ နောက်တန်း-ဇော်မင်းထွန်း(ချောင်ဘူရီ)၊ စိုးမိုးကျော်၊ ဇော်လင်း၊ ကျော်ဇင်လွင် (ဧရာဝတီ)၊ ဇော်ရဲထွန်း၊ သိန်းသန်းဝင်း (ရတနာပုံ)၊ ပြည့်ဖြိုးဇော် (ရန်ကုန်)၊ ဒေးဗစ်ဒန်း၊ နန္ဒကျော်၊ ဟိန်းသီဟဇော် (ရှမ်းယူနိုက်တက်)၊ ရွှေလှိုင်ဝင်း (ဟံသာဝတီ)၊ အောင်ဝဏ္ဏစိုး (ဇွဲကပင်)၊ အလယ်တန်း-ရန်အောင်ကျော်၊ မောင်မောင်လွင် (ရန်ကုန်)၊ လွင်မိုးအောင်၊ တင်ဝင်းအောင် (ဧရာဝတီ)၊ ကြည်လင်း၊ ဇွန်မိုးအောင် (ဇွဲကပင်)၊ သန်းထက်အောင် (ဆာမတ်ဆာခွန်)၊ လှိုင်းဘိုဘို၊ စည်သူအောင် (ရတနာပုံ)၊ ဆွမ်လမန် (ရှမ်းယူနိုက်တက်)၊ ရန်နိုင်အောင် (ဟံသာဝတီ)၊ ရှေ့တန်း-ကျော်ကိုကို (ဆာမတ်ပရာခန်)၊ အောင်သူ (မြောင်တောင်)၊ ဝင်းနိုင်စိုး (ရတနာပုံ)၊ သန်းပိုင် (ရန်ကုန်)၊ အောင်ကောင်းမာန် (ဧရာဝတီ)၊ ပြည်မိုး (မကွေး)နှင့် ကောင်းစည်သူ (Southern)တို့ ပါဝင်ကြသည်။ 

မြန်မာ့လက်ရွေးစင် အသင်းသည် သြဂုတ် ၁၉ ရက်မှစ၍ လေ့ကျင့်လျက်ရှိပြီး သြဂုတ် ၂၆ ရက်တွင် တရုတ်နိုင်ငံသို့ ထွက်ခွာမည် ဖြစ်သည်။

မြန်မာ့လက်ရွေးစင် အသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် စက်တင်ဘာ ၅ ရက်တွင် မွန်ဂိုလီးယားအသင်းနှင့် အဝေးကွင်း၊ စက်တင်ဘာ ၁၀ ရက်တွင် ဂျပန်အသင်းနှင့် အိမ်ကွင်းကစားရမည်ဖြစ်ပြီး ယင်းပွဲများအတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် သြဂုတ် ၃၀ ရက်တွင် တရုတ်လက်ရွေးစင်အသင်းနှင့် တရုတ်နိုင်ငံ၌ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်