ရန်ကုန် နိုဝင်ဘာ ၁၄ 

 

ရန်ကုန်တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန စက်မှုတိုင်း(၁) စက်မှုအလုပ်ခွင်သင်တန်းကျောင်းသည် နိုင်ငံ၏ စီမံကိန်းများတွင် အဓိကအားထားရသည့် လုပ်ငန်းခွင်သုံးစက် ယန္တရားကြီးများကို ရေရှည်ကောင်းမွန်ရန်ပြုပြင် ထိန်းသိမ်း၍ လုပ်ငန်းမြန်ဆန် ထိရောက်မှုရှိစေရေးနှင့် စက်စွမ်းအားပြည့် စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် ဆည်မြောင်းလုပ်ငန်းနှင့် စက်ယန္တရားသုံးစွဲခြင်း လုပ်ငန်းဆိုင်ရာ နည်းပညာဖွံ့ဖြိုးမှုစက်မှု သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

 

ထိုသင်တန်းကျောင်းတွင် စက်ယန္တရားများကို ထိရောက်စွာ ကိုင်တွယ်အသုံးပြုနိုင်သော စက်မောင်းများ၊ စီမံကြီးကြပ်သူများနှင့် အရည်အသွေးပြည့်ဝသော နိုင်ငံ့ဝန်ထမ်းကောင်းများ စဉ်ဆက်မပြတ် ထွက်ပေါ်စေရေးအတွက် ဘာသာရပ်ဆိုင်ရာသင်တန်းများ၊ အထူးမွမ်းမံသင်တန်းများ၊ အလုပ်ရုံ ဆွေးနွေးပွဲများ၊ ပြည်ပအတွေ့အကြုံနှင့် နည်းပညာများကို ပြန်လည်ဖြန့်ဝေပေးခြင်းနှင့် ဆင့်ပွားသင်တန်းများ ပို့ချပေးလျက်ရှိသည်။

 

စက်မှုတိုင်း(၁) စက်မှုလုပ်ငန်းခွင် သင်တန်းကျောင်းမှ ညွှန်ကြားရေးမှူး ဦးဝင်းထွဋ်က “ကျွန်တော် တို့မြန်မာနိုင်ငံရဲ့ လူဦးရေ ၇၀ ရာခိုင်နှုန်းဟာ စိုက်ပျိုးရေးလုပ်ငန်းကို အခြေခံတဲ့ ကျေးလက်နေထိုင်သူတွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျေးလက်နေပြည်သူများ လိုအပ်တဲ့ ရေသယံဇာတရရှိအောင်လည်း ဆောင်ရွက်ပေးနေတာရှိပါတယ်။ စိုက်ပျိုးရေးအတွက် ရေရရှိဖို့ဆိုရင်ဆည်၊ တမံတွေလိုပါတယ်။ ဆည်တမံတွေတည်ဆောက်တဲ့ နေရာမှာ မြန်ဆန်ပြီး ထိရောက်မှုရှိဖို့အတွက် စက်ယန္တရားတွေကိုသုံးတဲ့ နေရာမှာ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့အတွက် လူ့စွမ်းအားအရင်းအမြစ်တွေဖြစ်တဲ့ စက်ပြင်ဆရာတွေနဲ့ စက်မောင်းတွေကို မွေးထုတ်ပေးရပါတယ်။ ဒါမှလည်းသတ်မှတ်ချက်အတိုင်း လုပ်ငန်းခွင်စွမ်းဆောင်မှုပြည့်မီအောင် ဆောင်ရွက်ပေးနိုင်မှာပါ။ ဌာနတွင်း ဝန်ထမ်းများသာမကဘဲ ဆက်စပ်ဌာန ဝန်ထမ်းတွေကိုလည်း ပညာရပ်ဆိုင်ရာ ဘာသာရပ်အသီးသီးမှာ ခေတ်နဲ့အညီ ဖြစ်ပေါ်တိုးတက် ပြောင်းလဲမှုနည်းစဉ်တွေကို သိရှိနားလည်ပြီး လုပ်ငန်းစွမ်းဆောင်ရည် ပိုမိုတိုးတက်အောင် သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးနေပါတယ်”ဟု ပြောကြားသည်။

 

သင်တန်းများဖွင့်လှစ်ပို့ချရာတွင် စက်ပြင်ဝန်ထမ်းများအတွက် ကျွမ်းကျင်မှုဆိုင်ရာ စက်မှုကျွမ်းကျင် အဆင့်(၄)နှင့် အဆင့်(၃)သင်တန်း၊ စက်မောင်းဝန်ထမ်းတို့အတွက် ကျွမ်းကျင်မှုဆိုင်ရာ စက်ယန္တရားမောင်း အဆင့်(၄)နှင့် အဆင့်(၃) သင်တန်းသားများကို အဓိကထား၍ တစ်ကြိမ်လျှင် သင်တန်းသားဦးရေ (၄၀) မှ (၆၀)အထိ သီတင်းပတ်(၆)ပတ်ကြာ ဖွင့်လှစ်သင်ကြားပို့ချလျက်ရှိသည်။ ထို့အပြင် နိုင်ငံတော်၏ စီမံကိန်းများတွင် တစ်ထောင့်တစ်နေရာမှ ထမ်းဆောင်ကြမည့် ဝန်းထမ်းကောင်းများ ပေါ်ထွန်းစေရေးအတွက် အခါအားလျော်စွာ လျှပ်စစ်နှင့်ဂဟေဆက် ကျွမ်းကျင်မှုဆိုင်ရာ လျှပ်စစ်ဂဟေဆက် အဆင့် (၄)နှင့် အဆင့် (၃)သင်တန်း၊ စက်ပြင်စက်မောင်း မွမ်းမံခန်ခွဲမှုသင်တန်း၊ ကွင်းကြီးကြပ်မှုသင်တန်းတို့အပြင် စက်မှုဝန်ထမ်းများလုပ်ငန်းခွင် စွမ်းဆောင်ရည်မြင့်မားရေးနှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး သင်တန်းများကိုလည်း စာတွေ့လက်တွေ့ သင်ကြားပေးလျက်ရှိသည်။

 

အဆိုပါ သင်တန်းများကို ၁၉၇၄-၁၉၇၅ ဘဏ္ဍာရေးနှစ်မှစတင်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်း (၂၅၃)ကြိမ်မှ သင်တန်းသား (၁၂၂၁၃)ဦးကို သင်ကြားမွေးထုတ်နိုင်ခဲ့ကာ ၂၀၁၇ ခုနှစ်တွင် သင်တန်းကျောင်းကို အဆင့်မြှင့်တင်မှုများပြုလုပ်၍ သင်ကြားရေးနည်း စနစ်များကို မြှင့်တင်သင်ကြားပို့ချခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံနှုန်းသတ်မှတ်ရေးအဖွဲ့ NSSA နှင့်ချိတ်ဆက်၍ မြေတူးစက်မောင်းလုပ်သား ကျွမ်းကျင်မှု အဆင့်(၁)နှင့်အဆင့်(၂) အကဲဖြတ်စင်တာကို ဖွင့်လှစ်ပြီး ကျွမ်းကျင်မှု လုပ်သား(၂၇၁)ဦးနှင့် မှော်ဘီအလုပ်ရုံ သံရည်ကျိုပုံသွင်းလုပ်သား ကျွမ်းကျင်မှုအဆင့်(၁)နှင့် အဆင့်(၂) အကဲဖြတ်စင်တာတို့ကိုဖွင့်လှစ်ကာ ကျွမ်းကျင်လုပ်သား (၄၁)ဦးကို အကဲဖြတ်စစ်ဆေး၍ ပြည်တွင်းစက်မှုကျွမ်းကျင် လုပ်သားများကို မွေးထုတ်နိုင်ခဲ့ကြောင်း သိရသည်။

 

ကျွမ်းကျင်သော စက်ယန္တရားဝန်ထမ်းကောင်းများ ပေါ်ထွန်းလာစေရန် ရန်ကုန်တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန စက်မှုတိုင်း(၁) စက်မှုအလုပ်ခွင် သင်တန်းကျောင်းအနေဖြင့် စက်ယန္တရားများသုံးစွဲရာတွင် ထိရောက်ပြီး အကျိုးရှိသော ကျွမ်းကျင်ထက်မြက်သည့် စက်ပြင်များနှင့် စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းနိုင်သော စက်မောင်းများ လေ့ကျင့်ပျိုးထောင်ပေးရန်၊ စက်မှုဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးနှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ် လေ့ကျင့်ပေးရန်၊ အဆင့်မြင့်နည်းပညာနှင့် နည်းစနစ်များ ထိတွေ့နားလည်စီမံ လုပ်ဆောင်နိုင်ရန်၊ သင်တန်းများကို ကျွမ်းကျင်မှုအဆင့်လိုက် စစ်ဆေးအကဲဖြတ်၍ ဝန်ထမ်းများ တစ်ဆင့်မြှင့်ရာထူး တိုးမြှင့်ပေးနိုင်ရန် စသည့်ရည်ရွယ်ချက်တို့ဖြင့် နိုင်ငံတစ်ဝန်းမှ ဝန်ထမ်းများကို လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး နိုင်ငံတော်၏ ဆည်တမံများ တည်ဆောက်ရေးတွင် အသုံးပြုသည့် စက်ယန္တရားများကို   ရည်ရှည်ကောင်းမွန်စွာ ပြုပြင်ထိန်းသိမ်း၍ လုပ်ငန်းမြန်ဆန် ထိရောက်မှုရှိစေရေးနှင့် စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် နည်းပညာဖွံ့ဖြိုးတိုးတက်မှု စက်မှုသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

 

ဓာတ်ပုံ- ကနူး
ညိမ်းသူ(သတင်းစဉ်)