ပဲခူး အောက်တိုဘာ ၂၉
စည်ပင်သာယာရေးလုပ်ငန်းများသည် ပြည်သူများနှင့် တိုက်ရိုက်ထိတွေ့ဆောင်ရွက်ရသည့် ဝန်ဆောင်မှုလုပ်ငန်းများဖြစ်၍ စေတနာထား ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ ရန်ကုန်-ပြည်ကားလမ်း ဖြတ်သန်းရာမြို့များတွင် လမ်းဘေးပလက်ဖောင်းများပြန်လည် ဖော်ထုတ်ခြင်းနှင့် သစ်လွင်အောင်ပြုပြင်ခြင်း၊ ကျူးကျော်များရှင်းလင်းခြင်း တို့ကိုဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကပြောကြားသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပသည့် မြို့သန့်ရှင်းသာယာလှပစေရေး၊ မြို့အင်္ဂါရပ်နှင့်အညီဖြစ်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် က ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ အားလုံးသန့်ရှင်းသာယာလှပစေရေး စဉ်ဆက်မပြတ်ဆောင်ရွက်နေကြရမည် ဖြစ်ကြောင်း၊ မြို့အဝင်/အထွက် နေရာများတွင် လမ်းညွှန်ဆိုင်းဘုတ်များကို မြန်မာ/အင်္ဂလိပ် (၂)ဘာသာဖြင့် ဆိုင်းဘုတ်များ စိုက်ထူကြရမည်ဖြစ် ကြောင်း၊ Clean City, Green City ဖြစ်စေရေး ကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ပြည်သူများ အပန်းဖြေနိုင်ရန် သက်ဆိုင်ရာမြို့မိ/မြို့ဖများနှင့် ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် မြို့နယ်စည်ပင်သာယာရေး အမှု ဆောင်အရာရှိများက မြို့နယ်အလိုက် သန့်ရှင်းသာယာလှပစေရေး၊ မြို့အင်္ဂါရပ်နှင့်အညီ ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးများက အကြံပြုတင်ပြကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ကလိုအပ်သည်များ ဖြည့်စွက် မှာကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပန်းပုလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်