၁၄ နိုဝင်ဘာ

စလိုဗေးနီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုများလာတဲ့အတွက် ဒီနေ့(စနေနေ့) နံနက်ပိုင်း က စပြီး အများသုံး ယာဉ်တွေ ပြေးဆွဲမှုကို သီတင်းနှစ်ပတ်ရပ်ဆိုင်းကြောင်း သိရပါတယ်။

ပြည်ထဲရေးဝန်ကြီးက အိမ်နီးချင်းနိုင်ငံတွေရဲ့ နယ်စပ်သွားလာခွင့်လည်း တားမြစ်မှာဖြစ်ကြောင်း၊ သောကြာနေ့ကစပြီး လူစုဝေးခွင့်တွေကို တားမြစ်ထားကြောင်း၊ လာမယ့်တနင်္လာနေ့ကစပြီး ရှော့ပင်းမောတွေနဲ့ အရေးမကြီးတဲ့ ပစ္စည်းအရောင်းဆိုင်တွေကို ပိတ်သွားမှာဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

ကျောင်းတွေနဲ့ တက္ကသိုလ်တွေကိုလည်း အနည်းဆုံး သီတင်းနှစ်ပတ် အွန်လိုင်းကနေသာ သင်ကြားခွင့်ရှိကြောင်း သိရပါတယ်။

လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်က လူ ၆ ဦးထက်ပိုးပြီး စုဝေးခွင့်မရှိကြောင်း၊ မြို့နယ်တစ်ခုနဲ့ တစ်ခု ကြားမှာ သွားလာခွင့်မရှိကြောင်း နဲ့ လူမြင်ကွင်းမှာ လူတိုင်းမျက်နှာဖုံးဝတ်ဆင်ရေး အမိန့်ထုတ်ပြီး နောက်ပိုင်း လက်ရှိ ညွှန်ကြားတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

ကြာသပတေးနေ့က သေဆုံးသူ ၄၁ ဦး ရှိပြီး သောကြာနေ့မှာ ၃၈ ဦးသေဆုံးတဲ့အတွက် ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၇၆၅ ဦးရှိကြောင်း သိရပါတယ်။

လူဦးရေ ၂ သန်းနေထိုင်တဲ့ ဉရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံဖြစ်တဲ့ စလိုဗေးနီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရောဂါကူးစက်မှု ပထမလှိုင်းကို ရှောင်နိုင်ပေမယ့် ဒုတိယလှိုင်းဒဏ်ကို အလှူးအလဲ ခံနေရတာဖြစ်ပါတယ်။

စလိုဗေးနီးယားနိုင်ငံ မှာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ စုစုပေါင်း ၅၄,၁၁၆ ဦးရှိပြီးသေဆုံးသူ ၇၆၅ ဦးရှိကြောင်း သိရပါတယ်။ 

MDN

ကိုးကား - AFP