စလင်း ၇ စက်တင်ဘာ
မကွေးတိုင်းဒေသကြီး စလင်းမြိုရှိ ဝက်သည်းကန်ကြီး သားငှက်ဘေးမဲ့တော ဧရိယာသတ်မှတ်ကျောက်တိုင်များကို ယနေ့မှစ၍ စတင်စိုက်ထူကြသည်။
အဆိုပါဝက်သည်းကန်ကြီးအား နိုင်ငံတော်မှ ၁၉၅၃ ခုနှစ်မှစတင်၍ သားငှက်ဘေးမဲ့ကန်ကြီးအဖြစ် သတ်မှတ်ပေးခဲ့ပြီး ဝက်သည်းကန်ကြီး၏ မူလအကျယ်အဝန်းမှာ ၁၀၈၈ ဧကဖြစ်သည် ကျေးရွာမြေ သာသနာမြေ အများပိုင်လယ်ယာမြေ(၁၆၈ ဒသမ ၈၀)ဧကအား ပယ်ဖျက်ပေးခဲ့ရာ (၉၁၉)ဧက ကျန်ရှိကြောင်း သိရသည်။
ဝက်သည်းကန်ကြီးကို နိုင်ငံတော်မှ သားငှက်ဘေးမဲ့ တောအဖြစ်သတ်မှတ်ထားသော်လည်း လိုက်နာမှုအားနည်း၍ သားငှက်၊ ငါးများဖမ်းဆီးခြင်း၊ ကန်ကြီးအတွင်းမှ ရေသယံဇာတဖြစ်သော ပဒုမ္မာကြာနှင် ကြာဖက်များကို အလွန်အကျွံ ထုတ်ယူခြင်းများ ရှိနေ၍ မျိုးမသုဉ်းစေရန် မင်းဘူးခရိုင်သစ်တောဦးစီးဌာန ရွှေစက်တော် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာနမှ ဝက်သည်းကန်ကြီး သားငှက်ဘေးမဲ့တော ဧရိယာအား တစ်ဖာလုံလျှင် ကျောက်တိုင် တစ်တိုင်နှုန်းဖြင့်ကျောက်တိုင် ၄၈ တိုင်ကို စိုက်ထူမည်ဖြစ်သည်။
အများမြင်သာသော ကန်ပေါင်များ၌ အသိပေးကြော်ငြာဆိုင်းဘုတ်များ စိုက်ထူးထားပြီး ဝက်သည်းကန်ကြီးကို သားငှက်ဘေးမဲ့တောဥပဒေအရ ကာကွယ်ထိန်းသိမ်းသွာမည်ဟု မင်းဘူးခရိုင် ရွှေစက်တော်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန ဦးစီးမှူးဦးသိန်းလွင်ထံမှ သိရသည်။
စစ်ကြည်(စလင်း)


