စလင်း ဇွန် ၂၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့၊ မြင်တင်ရပ်ကွက်၊ ထီးကြီးဘုရားလမ်းတွင် ဇွန် ၂၇ ရက် နံနက် ၀၀ နာရီ ၂၀ မိနစ်က ဒေါ်ဝင်းဝင်းမော်၏နေအိမ်မှ မီးစတင်လောင်ကျွမ်းခဲ့ရာ အိမ်လေးလုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရှိရသည်။
အဆိုပါ မီးလောင်ကျွမ်းရာသို့ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဆင်ဖြူကျွန်း အရံမီးသတ်စခန်း၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖများ စုပေါင်းငြှိမ်းသတ်ခဲ့ရာ နံနက် ၀၀ နာရီ ၅၅ မိနစ်တွင် မီးငြိမ်းခဲ့သည်။
မီးစတင်လောင်ကျွမ်းခဲ့သည့် ဒေါ်ဝင်းဝင်းမော်၏ ပေ ၂၀ x ၁၅ ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နှစ်ထပ်အိမ် တစ်လုံး၊ ဦးသန်းမြ၏ ပေ ၂၀ x ၁၅ ပေ၊ ဝါးကြမ်းခင်း၊ ထရံကာ၊ ဝါးသက်ကယ်မိုး နှစ်ထပ်အိမ် တစ်လုံး၊ ဦးအောင်ကျော်မိုး၏ ပေ ၂၀ x ၁၅ ပေ အုတ်ခံဝါးကြမ်းခင်း၊ ထရံကာ၊ သွပ်မိုး နှစ်ထပ်အိမ် တစ်လုံး၊ ဦးစန်းမြင့်၏ ပေ ၂၀ x ၁၅ ပေ အုတ်ခံပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုး နှစ်ထပ်အိမ် တစ်လုံး စုစုပေါင်း တန်ဖိုးငွေကျပ် ၁၈၇၅၀၀၀ ခန့် ဆုံးရှုံးခဲ့ပြီး လူနှင့်တိရစ္ဆာန်များ အထိအခိုက် မရှိကြောင်းနှင့် မီးလောင်ကျွမ်းမှုကို စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)