မကွေး နိုဝင်ဘာ ၂၄
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အဖွဲ့သည် ယနေ့ နံနက် ၉ နာရီက စလင်းမြို့မ စည်ပင်သာယာဈေးသို့ ရောက်ရှိပြီး ဈေးအတွင်း ဈေးဆိုင်ခန်းများ မီးလောင်ဆုံးရှုံးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးကာ ဈေးအတွင်းအပြင် သန့်ရှင်းသာယာလှပရေး၊ မီးဘေးလုံခြုံရေးနှင့် ဈေးလုံခြုံရေးအတွက် အထူးအလေးထားဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် စလင်းမြို့မ စည်ပင်သာယာဈေးအတွင်းရှိ ဈေးဆိုင်ခန်းများ မီးလောင်ဆုံးရှုံးမှု အခြေအနေအားကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီး မီသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးလှိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဈေးမီးလောင်မှုနှင့်ပတ်သက်၍ ပျက်စီးဆုံးရှုံးမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဈေးမီးဘေးလုံခြုံရေးအတွက် ဈေးဆိုင်ခန်းများတွင် သက်ဆိုင်ရာဌာန၏ ခွင့်ပြုချက် မရှိဘဲ လျှပ်စစ်မီးရယူသုံးစွဲမှုမရှိစေရေးနှင့် လျှပ်စစ်မီးအား စနစ်တကျအသုံးပြုရေး၊ ဈေးအတွင်း ထမင်းဟင်းများ ချက်ပြုတ်စားသောက်ခြင်းများ မရှိစေရေး၊ ဈေးဝန်းကျင်လုံခြုံရေးနှင့် သန့်ရှင်းသာယာလှပရေး အလေးထား ကြပ်မတ်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားဆောင်ရွက်ခဲ့သည်။
စလင်းမြို့မဈေးကြီးတွင် ဈေးဆိုင်ခန်းပေါင်း ၇၆၃ ခန်းရှိပြီး ယမန်နေ့ ညပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ စျေးအတွင်း စပယ်ရုံဈေးတန်းရှိ ဈေးဆိုင်ခန်း ၃၃ ခန်းနှင့် ရုံသစ်ဈေးတန်းရှိ ဈေးဆိုင်ခန်း ၈၈ ခန်း စုစုပေါင်း ဈေးဆိုင်ခန်း ၁၂၁ ခန်း မီးလောင်ကျွမ်းခဲ့ပြီး ခန့်မှန်းဆုံးရှုံးမှု တန်ဖိုးငွေကျပ် ၂၇၈.၆၇ သိန်း ပျက်ဆီးဆုံးရှုံးခဲ့ ကြောင်း သိရသည်။
မောင်ညီညာ


