စလင်း ဇူလိုင် ၁၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာပေါင်း ၂၀ ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ဖြင့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တစ်ရွာလျှင် ငွေကျပ် ၁၀၀ သိန်း၊ ကျေးရွာ ၂၀ အတွက် ငွေကျပ် ၂၀၀ သန်းဖြင့် ကျေးရွာတွင်း မြေနီကျောက်စရစ်လမ်းခင်းခြင်းလုပ်ငန်း ၁၄ ခု၊ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ၂ ခု၊ ကွန်ကရစ်ရေကျော် တည်ဆောက်ခြင်းလုပ်ငန်း ၁ ခု၊ လူကူးသစ်သားတံတား တည်ဆောက်ခြင်းလုပ်ငန်း ၁ ခု၊ ဂါလန် (၂၀၀၀)ဆံ့ ရေစုကန်တည်ဆောက်ခြင်းလုပ်ငန်း ၁ ခု၊ ကျေးရွာတွင်း ၄၀၀ ဗို့ ဓာတ်အားလိုင်း သွယ်တန်းခြင်းလုပ်ငန်း ၁ ခုတို့ကို ကျေးရွာဖွံ့ဖြိုးရေးကော်မတီကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။
စလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးခိုင်နှင့် ဝန်ထမ်းများက အဆိုပါစီမံကိန်းဖြင့် လူကူးသစ်သားတံတား တည်ဆောက်ထားသော ဘိုကုန်းကျေးရွာသို့ ဇူလိုင် ၁၁ ရက်က ကွင်းဆင်းစစ်ဆေးခဲ့သည်။
အထွေး


