စလင်း နိုဝင်ဘာ ၈

 

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စလင်းမြို့နယ် အတွင်းရှိ ကျေးလက်နေပြည်သူများ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေများကို အတိုးနှုန်း သက်သာစွာဖြင့် ထုတ်ချေးပေးလျက်ရှိသည်။

 

စလင်းမြို့နယ်၊ ဂွေးပင်ဇင်ကျေးရွာတွင် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၃၈ ဦး၊ ငွေကျပ် ၉၈ သိန်း၊ စိုက်ပျိုး​ရေးလုပ်ငန်းလုပ်ကိုင်သူ ၁၀၃ ဦး၊ ငွေကျပ် ၃၇၂ သိန်း၊ အသင်းသားစုစုပေါင်း ၂၀၁ ဦး၊ စုစုပေါင်းငွေကျပ်သိန်း ၄၇၀ အား မြို့နယ်ဦးစီးမှူး ဦးစိုးခိုင်နှင့် တာဝန်ခံဝန်ထမ်းများက ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ယမန်နေ့က အဌမအကြိမ်မြောက် စနစ်တကျ ကွင်းဆင်း ထုတ်ချေးပေးခဲ့သည်။

 

အဆိုပါစီမံကိန်းအား ကျေးရွာနေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားလာစေခြင်းဖြင့် ကျေးလက်ဒေသဆင်းရဲမှုနှုန်းကို လျော့ချနိုင်ရန်၊ တိုးပွားလာသော ရန်ပုံငွေများဖြင့် ကျေးရွာအတွက် အမှန်တကယ်လိုအပ်သော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာမှ  ကိုယ်တိုင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့် ကျေးလက်လူထု၏ စွမ်းဆောင်ရည်တိုးတက်လာစေရန်၊ မမျှော်မှန်းနိုင်သော ဘေးအန္တရာယ်များကျရောက်လာပါက တုံ့ပြန်မှုအားကောင်းသော လူမှုအဖွဲ့အစည်းများ ပေါ်ပေါက်လာစေရန်ရည်ရွယ်၍ နိုင်ငံတော်ထောက်ပံ့ ငွေမှ ကျပ်သိန်းသုံရာ မတည်ပေးခဲ့ခြင်းဖြစ်​ကြောင်း အဆိုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးခိုင်ထံမှ သိရသည်။

 

အထွေး