စလင်း ၉ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ကုက္ကိုကျင်းကျေးရွာတွင် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ နွေရာသီ ကာလ သောက်သုံးရေပြတ်လပ်မှုမရှိစေရေး ရည်ရွယ်၍ အဝီစိစက်ရေတွင်းတူးဖော်ခြင်း နှင့်ဆက်စပ် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

ကုက္ကိုကျင်းကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မူလခွင့်ပြု ရန်ပုံငွေ ကျပ် ၂၀ ဒသမ ၃၀ သန်းဖြင့် လေးလက်မ ပေ ၆၀ဝ အဝီစိစက်ရေတွင်း တစ်တွင်း၊ အလျား ၁၀ ပေ အနံ ၈ပေ အမြင့် ၈ပေရှိသော ရေစက်ရုံတစ်ခု၊ ဂါလန် ၅၀ဝ၀ ဆံ့ အုတ်ရေကန်တစ်ခုတို့အား ဒီဇင်ဘာ ပထမပတ်က စတင်၍ဆောင်ရွက်လျက်ရှိကြောင်း စလင်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဇေယျ ကပြောပြသည်။

အဆိုပါ စက်ရေတွင်းနှင့်ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားပါက ကုက္ကိုကျင်း ကျေးရွာရှိ အိမ်ခြေ ၉၉ မှ လူဦးရေ ၅၀ဝ ၏ နွေရာသီကာလ သောက်သုံးရေ ဖူလုံရေး တို့အတွက် အကျိုးပြုမည် ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးကျော်ဇေယျက ဆက်လက်ပြောပြသည်။
ငြိမ်းသူ(စလင်း)