စလင်း ၁၈ ဇူလိုင်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်ရှိ ဝက်သည်းကန်ဘောင်တွင် ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၇ နာရီအချိန်က ဝက်သည်းကန်ပတ်လည် စိမ်းလန်းစိုပြေ သာယာလှပရေးအတွက် မြို့မိ/မြို့ဖများဦးစီး၍ သပြေဘူတသစ်ပင်စိုက်ပျိုးခြင်း အခမ်းအနားကို ကျင်းပခဲ့သည်။
ဝက်သည်းကန်သည် စလင်းမြို့၏ အနောက်ဘက်ကပ်လျက်တွင် တစ်စပ်တစ်စပ်တည်း တည်ရှိပြီး အနောက်ကန်ဘောင်ကျေးရွာအုပ်စု၊ အောက်လှိုင်းကျေးရွာအုပ်စု တမာချောင်ကျေးရွာအုပ်စု၊ ဆင်ကျုံးကျေးရွာအုပ်စုများ၏ နယ်နိမိတ်အတွင်း(၁.၇မိုင်) ကျယ်ဝန်းသည်။ ဧကအားဖြင့် (၁၀၈၈)ဧကရှိသည်။ ယင်းကန်တော်ကြီးကို မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ၁၉၅၃ ခုနှစ်မှစ၍ နိုင်ငံတော်အစိုးရမှ သားငှက်ဘေးမဲ့ကြိုးဝိုင်းအဖြစ် သတ်မှတ်ထိန်းသိမ်း စောင့်ရှောက်ခဲ့သည်။ စစ်ကြိုခေတ် အင်္ဂလိပ်အစိုးရလက်ထက်တွင်လည်း ၁၉၃၉ ခုနှစ်မှစ၍ အစိုးရပိုင်ဘေးမဲ့ကြိုးဝိုင်းအဖြစ် တည်ရှိခဲ့ကြောင်း မှတ်တမ်းများအရ သိရှိရသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဝန်ကြီး ဦးမြင့်ဇော်တို့က အမှာစကား ပြောကြားခဲ့ခြင်း၊ ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် နေထူးနိုင်က သစ်ပင်များစိုက်ပျိုးရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့မိမြိုဖ မဏိဇောတဓရ ဦးဖိုးသာက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ယင်းနောက် သစ်ပင်အလှူရှင်များမှ သပြေဘူတအပင် (၆၀၀)ကိုလှူဒါန်းကြရာ တာဝန်ရှိသူ အသီးသီးက လက်ခံရယူခဲ့ကြပြီး သပြေဘူတပင်များကို စိုက်ပျိုးခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ မကွေးတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဌေးမောင်၊ ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် နေထူးနိုင်နှင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဟိန်းဆက်နှင့် မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ ပါဝင်စိုက်ပျိုးခဲ့ကြောင်း သိရှိရသည်။
မောင်လွင်(ပြန်/ဆက်)


