စလင်း ၁၀ ဧပြီ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား အိမ်ထောင်စု(၁)စုလျှင် ဆန်(၈)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ဆား(၅၀)ကျပ်သား၊ ပဲ(၁)ပိဿာနှင့် ကြက်သွန်နီ(၁)ပိဿာတို့ကို ဧပြီလ ၁၀ ရက် နံနက် ၆ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအတွင်း၌ ဖြန့်ဝေပေးခဲ့သည်။
ထိုသို့ဖြန့်ဝေပေးရာသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကံဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်နှင့် ခရိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဉက္ကဌ ဦးသိန်းအောင်တို့က ဖြန့်ဝေပေးနေမှုများကို လိုက်လံကြည့်ရှု့ကြရာ မြို့နယ်(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဉက္ကဌ ဦးဟိန်းဆက်က ဖြန့်ဝေပေးမှုတွင် အချိန်တိုအတွင်း အိမ်ထောင်စုအသီးသီးသို့ အချိန်နှင့်တစ်ပြေးညီဖြန့်ဝေပေးနိုင်ရေးအတွက် စီမံဆောင်ရွက်ထားရှိမှုများကို လိုက်လံရှင်းလင်းပြသခဲ့သည်။
စလင်းမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစားအိမ်ထောင်စုပေါင်း (၂၃၅၀ဝ)စု ရှိပြီး ကျား(၄၈၂၈၉)ဦးနှင့် မ (၅၃၂၇၇)ဦး၊ စုစုပေါင်း (၁၀၁၅၆၆) ဦးတို့အား ဆန် (၁၁၇၄၁)အိတ်နှင့် (၉၀)ပြည်၊ ဆီ(၁၁၇၄၀)ပိဿာနှင့်(၁၀ဝ၀)ကျပ်သား၊ ဆား(၁၁၇၄၀) ပိဿာ နှင့် (၁၀ဝ၀)ကျပ် သား၊ ပဲ (၂၃၅၀ဝ) ပိဿာနှင့် ကြက်သွန်နီ (၂၃၅၀ဝ)ပိဿာတို့ကို ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရသည်။
မောင်လွင်(ပြန်/ဆက်)


