စလင်း   မတ်  ၂၅

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနက သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြည် သာယာလှပစေရန်၊ သစ်တောများ စိုက်ပျိုးပြုစု ထိန်းသိမ်းရေးတွင် ပြည်သူလူထုအားလုံး ပူးပေါင်းပါဝင်လာစေရန်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးကို အထောက်အကူ ဖြစ်စေရန်နှင့် ပြည်သူများ၏ လူမှုစီးပွားရေး လိုအပ်ချက်များ တစ်ဖက်တစ်လမ်းမှ ပံ့ပိုးဖြည့်ဆည်း ပေးနိုင်ရန် ရည်ရွယ်၍ ပျိုးပင်ပေါင်း ၈၀၁၀၀ ပျိုးထောင်စိုက်ပျိုး ထားရှိပြီးဖြစ်ကြောင်း စလင်းမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးညွန့်ရွှေထံမှ သိရှိရသည်။

 

စလင်းမြို့နယ်ရှိ ကျေးရွာသုံးစိုက်ခင်း ၁/၂၀၂၂ တွင် စိုက်ပျိုးဧက ၇၀ စိုက်ပျိုးမည်ဖြစ်ပြီး ယူကလစ်ပင် ၃၅၆၄၀၊ မြင်ဝါးပင် ၂၁၆၀၊ စိုက်ခင်းအမှတ် ၂/၂၀၂၂ တွင် အခြားစိုက်ခင်း ဧက ၃၀ အနေဖြင့် ယူကလစ်ပင် ၁၂၁၀၀၊ ရှားပင် ၂၄၂၀၀၊ စိုက်ခင်းအမှတ် ၃/၂၀၂၂ အထူးစိမ်းစိုက်ခင်းအနေဖြင့် ဒဟတ်ပင် ၈၀၀၊ ယင်းမာပျိုးပင် ၃၅၀၊ ဖျောက်ဆိတ်ပင် ၃၅၀၊ စိုက်ခင်းအမှတ် ၄/၂၀၂၂ တွင် တောထိန်းကွက်လပ်ဖြည့်စိုက်ခင်းအဖြစ် ဒဟတ်ပျိုးပင် ၂၂၅၀၊ ရှားပင် ၁၅၀၀၊ ကုက္ကိုပျိုးပင် ၇၅၀ စုစုပေါင်းပျိုးပင် ၈၀၁၀၀ ကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

  

 မောင်လွင်(စလင်း)