စလင်းမြို့နယ်၌ ကျေးရွာများအရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး

စလင်း မတ် ၁၇

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၌ ကျေးလက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်အဖြစ် မတ် ၇ ရက်မှ စတင်ထိုးနှံပေးခဲ့ရာ မတ် ၁၆ ရက် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ကျန်းမာရေးဌာနမှ ဆရာ/ဆရာမများက ကျေးလက်နေပြည်သူများထံသို့ ကွင်းဆင်းထိုးနှံခဲ့ကြသည်။

 

ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က လာရောက်ထိုးနှံသည့် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ခြင်း၊ စာရင်းအချက်အလက်များ ကောက်ယူခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကာကွယ်ဆေးထိုးနှံပြီးချိန်တွင် ခေတ္တထိုင်၍ အနားယူစေခြင်း စသည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးခဲ့ကြသည်။

 

ကာကွယ်ဆေးများထိုးနှံခြင်းကို အဖွဲ့(၅)ဖွဲ့ဖြင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ ကာကွယ်ဆေးများ ထိုးနှံခြင်းကို အဖွဲ့(၆) အရှေ့ကန်ဘောင်ကျေးရွာ၊ အဖွဲ့(၇) ပျိုးခင်းကုန်းကျေးရွာအုပ်စု၊ အဖွဲ့(၈) အရှေ့ရှားတောကျေးရွာ၊ အဖွဲ့(၉) ဂျပင်းအုပ်စုနှင့် ကျောင်းကုန်းကျေးရွာ၊ အဖွဲ့(၁၀) ကန်တော်ကျေးရွာအုပ်စုနှင့် ညောင်ပင်ကျေးရွာရှိ ပြည်သူများအား ကာကွယ်ဆေးများ ထိုးနှံပေးသည်။ စလင်းမြို့နယ်ကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လွှမ်းခြုံနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက် ထိုးနှံပေးခဲ့ရာ ရာခိုင်နှုန်အားဖြင့် ၈၃ ဒသမ ၃၄ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရှိရသည်။

 

မြို့နယ်(ပြန်/ဆက် )