စလင်း ဒီဇင်ဘာ ၂၇

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခုနှစ် ခြောက်လဘတ်ဂျက်တွင် စလင်းမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ၏ လယ်ယာထွက်ကုန်သီးနှံများ အဆင်ပြေလွယ်ကူစွာ သယ်ပို့နိုင်ရေးအတွက် ကျေးလက်ကုန်ထုတ်လမ်း နှစ်လမ်း ဖောက်လုပ်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါကုန်ထုတ်လမ်း နှစ်လမ်းမှာ ကံကုန်လေးကျေးရွာ ကုန်ထုတ်လမ်းအရှည် ၁ မိုင် ၁ ဖာလုံ၊ လမ်းအကျယ် ၁၀ ပေ၊ လမ်းအမြင့် ၉ လက်မ၊ မြေနီကျောက်စရစ် ခင်းခြင်းလုပ်ငန်း၊ ခွင့်ပြုငွေကျပ် ၁၆ သန်း၊ တဲကုန်းကျေးရွာ ကုန်ထုတ်လမ်းအရှည် ၁ မိုင် ၂ ဖာလုံ၊ လမ်းအကျယ် ၁၂ ပေ၊ လမ်းအမြင့် ၁ ပေ ၉ လက်မ၊ ကျောက်ရောမြေခင်းခြင်းနှင့် မြေနီကျောက်စရစ်ခင်းခြင်း၊ ၎င်းလမ်းပေါ်တွင် ၁၈ ပေ ၆ ပေ ၆ ပေ Box Culvert ၆ စင်း တည်ဆောက်ခြင်းလုပ်ငန်း၊ ခွင့်ပြုငွေကျပ် ၅၁ ဒသမ ၄ သန်း စုစုပေါင်း ခွင့်ပြုငွေကျပ် ၆၇ ဒသမ ၄ သန်းဖြင့် Shwe Group ကုမ္ပဏီ မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည်။

 

အဆိုပါကုန်ထုတ်လမ်း နှစ်လမ်းဆောင်ရွက်ပြီးပါက ကျေးရွာ ၃ ရွာရှိ လယ်ယာဧက ၁၃၀၀ ကျော်မှ ထွက်ရှိသော သီးနှံများကို ရာသီမရွေး စျေးကွက်သို့ အဆင်ပြေလွယ်ကူစွာ သယ်ပို့နိုင်မည်ဖြစ်သည့်အတွက် ကျေးလက်နေတောင်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း စလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

အထွေး