စလင်း ၇ အောက်တိုဘာ
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ကြက်သကိုင်ကျေးရွာအုပ်စု ကြက်သကိုင်ကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နိုင်ရေးအတွက် ယနေ့နံနက် ၁၁ နာရီအချိန်က မင်းဘူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင့်လွင်ဦးနှင့် ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မင်းဘူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင့်လွင်ဦး ၊ စလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဇေယျနှင့် ဝန်ထမ်း များက ကြက်သကိုင်ကျေးရွာ ကုန်ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက်ပေးနိုင် ရေးလက်ရှိမြေပြင်အခြေ အနေ၊ သတ်မှတ်လမ်းအကျယ်ရရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
အဆိုပါကုန်ထုတ်လမ်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၁၉ - ၂၀၂၀ခု ဘဏ္ဍာနှစ် ခွင့်ပြု ရန်ပုံငွေ ကျပ် ၁၉ ဒသမ ၈၈ သန်းဖြင့် လမ်းအရှည် ၃၉၆၀ပေ အကျယ် ၁၂ပေ ထု ၉လက်မ မြေနီကျောက် စရစ်လမ်း ခင်းခြင်းအား ဆောင်ရွက်မည်ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဇေယျ က ပြောပြသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် ကျေးလက်ဒေသရှိ လယ်ယာစိုက်ပျိုးရေး ထုတ်ကုန်များ စျေးကွက်သို့ စျေးနှုန်းသက်သာစွာဖြင့် လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်ရန် ရည်ရွယ်၍ ကျေးလက်ကုန်ထုတ်လမ်းများကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဖောက်လုပ်ပေးလျက်ရှိကြောင်း၊ ယခု ကြက်သကိုင်ကျေးရွာ ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးသွားပါက ကျေးရွာ(၇)ရွာမှ လယ်ယာထုတ်ကုန် ဧက(၈၅၀) အကျိုးပြုမည်ဖြစ်ကြောင်း စလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဇေယျ က ဆက်လက်ပြောပြသည်။
ငြိမ်းသူ(စလင်း)


