စလင်း ၁၃ ဇန်နဝါရီ

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးကျင်းပ ပြုလုပ်သည့် သက်ကြီးရွယ်အို အဘိုးအဘွားများနှင့် မသန်စွမ်းသူများအား လူမှုရေးပင်စင် ထောက်ပံ့ငွေအပ်ပွဲကို ဇန်နဝါရီ ၁၂ ရက် နံနက် ၁၀ နာရီက မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် သာစည်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 

 

ထောက်ပံ့ငွေပေးအပ်ပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေးက နိုင်ငံတစ်ဝန်း လူမှုကာကွယ် စောင့်ရှောက်ရေး အစီအစဉ်ဖြစ်သည့် လူမှုရေးပင်စင်များကို ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ လူမှုရေးပင်စင်များ ထောက်ပံ့ပေးရာတွင် ပြီးခဲ့သည့်ဘဏ္ဍာနှစ်က အသက် ၉၀ နှစ်နှင့်အထက် သက်ကြီးရွယ်အို အဘိုးအဘွားများကိုသာ ထောက်ပံ့ပေးခဲ့ရာမှ ယခုဘဏ္ဍာနှစ်တွင် နိုင်ငံတော်မှ အသက် ၈၅ နှစ်နှင့်အထက် အဘိုးအဘွားများကို စာရင်းကောက်ယူ၍ တစ်လလျှင် တစ်သောင်းကျပ်နှုန်းဖြင့် ထပ်မံထောက်ပံ့ပေးနေကြောင်း၊ ထို့အပြင် မသန်စွမ်းသူများကိုလည်း နိုင်ငံတော်မှ အသိအမှတ်ပြုသည့်အနေဖြင့် ထောက်ပံ့မှုများ ပြုလုပ်ပေးလျက်ရှိရာ တစ်နှစ်လျှင်တစ်ကြိမ် ထောက်ပံ့မှု ငွေကျပ်သုံးသောင်း ထောက်ပံ့ပေးလျက်ရှိကြောင်း၊ နောင်တစ်ချိန်တွင် လစဉ်ပုံမှန် ထောက်ပံ့မှုများ ပြုလုပ်ပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ ပြည်သူများအကြားတွင် ကလေးသူငယ်များရဲ့ ရှင်သန်ရပ်တည်မှုဘဝကို ရင်းနှီးမြှုပ်နှံပေးနိုင်ပါက နောင်အနာဂတ်တွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် စိတ်ချရမည်ဖြစ်ပြီး ကလေးများ ဖွံ့ဖြိုးကြီးထွားဖို့အတွက် နိုင်ငံတော်အထောက်အပံ့ဖြင့် မိခင်ဝိုင်းများ ထူထောင်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားသည်။  

 

ဆက်လက်၍ စလင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်က နိုင်ငံတစ်ဝန်းရှိ သက်ကြီးရွယ်အိုများကို ယခုကဲ့သို့ နိုင်ငံတော်မှ တတ်အားသရွေ့ ထောက်ပံ့ငွေများ ပံ့ပိုးကူညီပေးခြင်းဖြင့် သက်ကြီးရွယ်အို အဘိုးအဘွားများ၏ စိတ်ဓာတ်ခွန်အားများကို မြှင့်တင်ဆောင်ရွက်ပေးရာ ရောက်ကြောင်းနှင့် သက်ရှည်ကျန်းမာစွာ နေထိုင်သွားနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ 

 

ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက စလင်းမြို့နယ်အတွင်းရှိ သက်ကြီးရွယ်အို အဘိုးအဘွား ၁၁၃၈ ဦးအတွက် ထောက်ပံ့ငွေကျပ် ၃၄၁၄၀ဝ၀ဝ ကိုလည်းကောင်း၊ မသန်စွမ်းသူ ၅၆၀ ဦးအတွက် ထောက်ပံ့ငွေကျပ် ၁၆၈၀ဝ၀ဝ၀ ကိုလည်းကောင်း၊ မိခင်ဝိုင်း ၅ ဝိုင်းနှင့် မိခင်ဝိုင်းအတွက် သင်တန်းဖွင့်လှစ်ရန် ငွေကျပ် ၃၅၂၈၁၀ဝ ကိုလည်းကောင်း အဘိုးအဘွားများနှင့် မသန်စွမ်းသူများအား တစ်ဦးချင်းအလိုက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ 

 

ရဲဝင်းနိုင် (ညောင်ဦး)

 

mdn