စလင်း မေ ၂

 

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်၌ စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခုနှစ် ဆီထွက်သီးနှံ နေကြာစိုက်ပျိုးမည့် တောင်သူများအား နေကြာမျိုးစေ့ပေးအပ်ပွဲကို မေ ၂ ရက် နံနက် ၁၀ နာရီက ဆင်ဖြူကျွန်းမြို့ စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။

 

နေကြာမျိုးဖြစ်သည့် ဆင်းရွှေနေကြာ(၂)သည် မျိုးစေ့ထုတ်နေကြာဖြစ်ပြီး မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများဖြစ်သော မြောက်ချောင်းဖြူ ကျေးရွာအုပ်စု၊ ညောင်ပင်လယ်ကျင်း ကျေးရွာအုပ်စု၊ ဒေါင့်ဘိုးကျေးရွာအုပ်စုများရှိ တောင်သူ ၁၄၄ ဦးတို့အတွက် (၁၀)တင်းနှင့် (၃)ပြည်တို့အား ပေးအပ်သွားမှာဖြစ်သည်။ ဒေသမျိုး မျိုးစေ့အဆင့် မျိုးသန့်မျိုးစေ့ကို ၁ ဧကလျှင် တစ်ပြည်နှုန်းဖြင့် သီးညှပ်စိုက်ပျိုးရမှာဖြစ်ပြီး စိုက်ပျိုးမည့် ၁၆၃ ဧကတို့အတွက် ကျေးရွာတောင်သူဦးကြီးများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများအား အုပ်စုအလိုက် ပေးအပ်ခဲ့သည်။

 

အဆိုပါ စိုက်ပျိုးနေကြာပေးအပ်ပွဲ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဆင်းရွှေနေကြာ(၂)ကို အုပ်စုအလိုက် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

 

မောင်လွင်(စလင်း)