စလင်း ၂၄ နိုဝင်ဘာ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စလင်းမြို့နယ်ရှိ ရစ်ပြင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရ ငွေဖြင့် ကျေးရွာတွင်း ၄၀ဝ ဗို့ ဓာတ်အားလိုင်း သွယ်တန်းခြင်းလုပ်ငန်းကို နိုဝင်ဘာ ၁၆ ရက်မှ စတင်အကောင်အထည်ဖော် ဆောင် ရွက်ခဲ့ရာ လုပ်ငန်းများ ၅၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ရစ်ပြင်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ခုဘဏ္ဍာရေးနှစ်က ရန်ပုံငွေကျပ် သိန်း ၃၀ဝ ဖြင့် စတင်လည်ပတ် အကောင်အထည်ဖော်ခဲ့ပြီး အဆိုပါ ရန်ပုံငွေမှ အတိုးရငွေ ကျပ် ၈ ဒသမ ၅ သန်း ၊ ကျေးရွာပြည်သူလူထု ထည့်ဝင်ငွေကျပ် ဝ ဒသမ ၉၅ သန်း ၊ စုစုပေါင်း ငွေကျပ် ၉ ဒသမ ၄၅ သန်းဖြင့် အချိန်ပြည့် လျှပ်စစ်မီး ရရှိရေးအတွက် အရှည်ပေ ၅၂၈၀ ရှိ ကျေးရွာတွင်း ၄၀ဝ ဗို့ ဓာတ်အားလိုင်း သွယ်တန်းခြင်း လုပ်ငန်းကို မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၏ နည်းပညာ အကူအညီဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အနီးကပ်ကြီးကြပ်ကာ အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကျေးရွာတွင်း ၄၀ဝ ဗို့ ဓာတ်အားလိုင်း သွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပြီဖြစ်၍ ကျေးရွာရှိ အိမ်ခြေ ၁၇၁ အိမ် ၊ လူဦးရေ ၈၂၀ ဦးတို့အတွက် လူမှုစီးပွားဘဝအခြေအနေများယခင်ကထက် ဖွံ့ဖြိုးလာမည် ဖြစ်ကြောင်း စလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက သိရသည်။
သူရိန်(မင်းဘူး)


