စလင်း ဖေဖော်ဝါရီ ၁၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ပုံပြင်ပြော၊ ကဗျာရွတ်ဆို၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများကို ဖေဖော်ဝါရီ ၁၀ ရက်မှစတင်ကာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇင်မာအောင်က (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်၊ ပုံပြင်ပြော၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ ကလေးငယ်များအနေဖြင့် စာကြည့်တိုက်နှင့် ရင်းနှီးမှုရှိစေရန်၊ ငယ်စဉ်မှစ၍ အားကစားနှင့်ကျောင်းပညာရေး၊ ဘက်စုံပြိုင်ပွဲ အသီးသီးတို့တွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်စေရန်နှင့် အနာဂါတ်၏ သားကောင်းသမီးကောင်းလေးများ၊ နိုင်ငံဂုဏ်ဆောင်နိုင်သည့် လူချွန်လူကောင်း သားကောင်းသမီးကောင်းလေးများ ပေါ်ထွက်လာစေရန်၊ ငယ်စဉ်မှအစပြုကာ ဘက်စုံထူးချွန် ထက်မြက်၍ ဗဟုသုတများ ပိုမိုကြွယ်ဝလာစေပြီး လူငယ်လူရွယ်ခြင်း ပေါင်းသင်းဆက်ဆံတတ်အောင် အစပျိုး၍ အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ ပြိုင်ပွဲကိုပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မူကြိုကလေးများဖြစ်သည်နှင့်အညီ ကလေးများအကြိုက် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဘောလုံးကောက်ပြိုင်ပွဲ၊ ထိုင်ခုံလုထိုင်ပြိုင်ပွဲများ၊ မုန့်စားပြိုင်ပွဲ၊ စကောရွက်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ပြီးနောက် စာကြည့်တိုက်ခန်းမအတွင်း၌ ဆေးရောင်ခြယ်ပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်ကြရာ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ မူကြိုဆရာမများနှင့် ကျောင်းသားမိဘများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့များ စုစုပေါင်း (၇၅) ဦးခန့် တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
စလင်း (ပြန်/ဆက်)