စလင်း ၂၁ ဖေဖေါ်ဝါရီ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆို မည့်ကျောင်းသားကျောင်းသူများအား တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် ကတ်ပြားများကို ယမန်နေ့ ဖေဖေါ်ဝါရီ လ ၂၀ ရက်နေ့မှစ၍ မြို့နယ်အတွင်းရှိသက်ဆိုင်ရာစာစစ်ဌာန အသီးသီး၌ စတင်ထုတ်ပေးနေကြောင်း သိရသည်။
အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ (တွဲဖက်)အခြေခံပညာ အထက်တန်းကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူများသည် မိမိတို့၏စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို မိမိတို့ကျောင်းအုပ်ကြီးများထံမှ ထုတ်ယူနိုင်ပြီး ပြင်ပမှဖြေဆိုသူ များသည် မိမိတို့ဖြေဆိုမည့် သက်ဆိုင်ရာစာစစ်ဌာန ကြီးကြပ်ရေးမှူးများထံတွင် ထုတ်ယူနိုင်ကြောင်း သိရသည်။
စလင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က(၁)စလင်း စာစစ်ဌာန-(၁)၊ အ.ထ.က(၁)စလင်း စာစစ်ဌာန-(၂)၊ အ.ထ.က(၂)စလင်း၊ အ.ထ.က ဆင်ဖြူကျွန်း၊ အ.ထ.က တညောင်၊ အ.ထ.က ဇီးဖြူပင်၊ အ.ထ.က ပြည်စိုးကုန်း၊ အ.ထ.က တပ်တွင်း၊ အ.ထ.က လင်းဇင်းစသည့် စာစစ်ဌာန (၉)ခုတွင် သက်ဆိုင်ရာဘာသာတွဲအလိုက် ယခုနှစ် မတ်လ ၁၁ ရက်နေ့မှ ၂၀ ရက်နေ့အထိကျင်းပမည့်ဖြစ်ပြီး အတွင်းဖြေ ကျောင်းသားကျောင်းသူ ကျား ၁၃၃၁ ဦး၊ မ ၁၆၁၆ ဦး၊ အပြင်ဖြေ ကျောင်းသားကျောင်းသူကျား ၁၀ဝ၃ ဦး၊ မ ၁၂၃၄ ဦး၊ စုစုပေါင်းတက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမည့်သူ ၅၁၈၄ ဉီးရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှသိရသည်။
စိုးမိုးသူ( စလင်း)


