စက်တင်ဘာ၂၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးမထိုးနှံရသေးသူများကို စက်တင်ဘာ ၂၄ ရက် နံနက် ၉ နာရီမှစတင်ကာ ဆေးထိုးစုရပ် ၉ နေရာခွဲ၍ ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရှိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၏ ဦးဆောင်မှုဖြင့် ဆေးထိုးစုရပ် ၉ နေရာဖြစ်သည့် စလင်းပြည်သူ့ဆေးရုံ၊ ပြည်စိုးကုန်း (အ.ထ.က)ကျောင်း၊ ဆင်းကျုံးကျေးရွာ ရွာဦးဘုရားတန်ဆောင်းအတွင်းနှင့် ဆုံကုန်းကျေးရွာ (အ.ထ.က)ကျောင်း၊ ငှက်ပျောအိုင်စာသင်ကျောင်း၊ မိုးဝန်းကျေးရွာ(အ.မ.က)ကျောင်းနှင့် တညောင်တိုက်နယ် ပြည်သူ့ဆေးရုံ၊ နတ်စဉ်ကျေးရွာ(အ.မ.က)ကျောင်း၊ သနပ်ကုန်းကျေးရွာ (အ.ထ.က)ကျောင်းတို့တွင် ကျန်းမာရေးဝန်ထမ်းများက သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျထိုးနှံပေးလျက်ရှိသည်။
စလင်းမြို့နယ်တွင် ကာကွယ်ဆေးမထိုးနှံရသေးသည့်သူများ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆေးပုလင်းအလုံးရေ ၁၄၀၀ ရရှိပြီး ဆေးပုလင်း တစ်လုံးလျှင် ၅ ဦးနှုန်းထိုးနှံပေးမည်ဖြစ်ရာ စုစုပေါင်း လူဦးရေ ၇၀၀၀ အားထိုးနှံပေးသွား မည်ဖြစ်သည်။
စလင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ပထမအကြိမ်နှင့် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူဦးရေပေါင်း ၃၀၁၁၉ ဦးရှိပြီး ယနေ့နံနက်ပိုင်းအထိ ၁၈၈၆ ဦး ရှိပြီဖြစ်သည်။ ဆေးထိုးနှံနေမှုကိုတာဝန်ရှိသူများက လာရောက်ကြည့်ရှုကြပြီး ကိုဗစ်-၁၉ ရောဂါအန္တရာယ် ကင်းဝေးရေးအတွက် သတ်မှတ်အကြိမ်ရေ ပြည့်မီအောင် မပျက်မကွက် လာရောက်ထိုးနှံကြရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
မောင်လွင်(စလင်း)