စလင်း ၁၇ ဇူလိုင်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ဂွေးပဇင်ကျေးရွာအုပ်စု သစ်ခွင်ရွာကွင်းအမှတ် ၅၁၀ တောင်သူဦးစိုးမြင့်၏ လယ်မြေမြောင်းဘောင်ရှိ နဗူးပင်များတွင် ကျိုင်းကောင်(နှံကောင်)များ အများအပြားကျရောက်နေကြောင်း နယ်မြေကွင်းတာဝန်ခံ၏ အသိပေးအကြောင်းကြားမှုအရ ဇူလိုင် ၁၇ ရက်နေ့က စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးခြင်းကို မင်းဘူးခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ သီးနှံကာကွယ်ရေးတာဝန်ခံ ဦးမြင့်စိုး၊ စလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးအရာရှိ ဦးမြင့်လင်းနှင့်တာဝန်ရှိသူများ၊ ဒေသခံတောင်သူများ ပူးပေါင်း၍ စစ်ဆေးမှုအရ တောင်သူများစိုးရိမ်နေတဲ့ အုပ်စုဖွဲ့ဖျက်ဆီးစားသောက်တတ်သော ကန္တရကျိုင်းကောင်များ မဟုတ်ဘဲ နိုင်ငံအတွင်း ယခင်ကတည်းက ရှိခဲ့သော အဝါရောင် အစက်ပြောက်နှံကောင်(သို့) ကော်ဖီကျိုင်းကောင်များဖြစ်ကြောင်း သိရသည်။
အဆိုပါကျိုင်းကောင်များမှာ နှစ်စဉ်နှစ်တိုင်းတွေ့ရှိရခြင်းမျိုးမဟုတ်ဘဲ ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်ကြောင့် ပေါက်ဖွားနှုန်းများပြားလာခြင်းဖြစ်ကြောင်း၊ ယခုဇူလိုင်လ ၄ ရက်နေ့က မကွေးမြို့နယ် ကြူချောင်းကျေးရွာတွင်တွေ့ခဲ့သော ကျိုင်းကောင်အမျိုးအစားနှင့် တူညီကြောင်း၊ သီးနှံပင်အတော်များများတွင် ကျရောက်တတ်ပြီး တစ်လခန့်အကြာတွင် ပျောက်ကွယ် သွားတတ်ကြောင်း၊ ယခုကျရောက်နေသော မြောင်းဘောင် နဗူးပင်များတွင် ခိုအောင်းစားသောက်နေထိုင်ပြီး သီးနှံစိုက်ပျိုးချိန်တွင် ပြောင်းရွှေ့ကျရောက်နိုင်ခြင်းကြောင့် လက်ခံလွှဲပင်များ ရှင်းလင်းစေခြင်း၊ သင့်လျော်သော ထိသေစားသေနှင့် ပင်လုံးပြန့်အာနိသင်ရှိသည့် ပိုးသတ်ဆေးတစ်မျိုးမျိုးကိုသာ အလှည့်ကျအသုံးပြု၍ လိုအပ်သောကာကွယ် နှိမ်နင်းရေးများ ပြုလုပ်ရန် တောင်သူများအား ဆွေးနွေးပြောကြားပြီးလက်တွေ့ နှိမ်နင်းပက်ဖျန်းစေခဲ့ကြောင်းနှင့် မည်သည့်သီးနှံ အဖျက်ပိုးကိုမဆို တွေ့ရှိက စိုက်ပျိုးရေးဦးစီးဌာနထံ အသိပေးအကြောင်းကြားရန် ဆွေးနွေးပြောကြားခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဦးမြင့်လင်း၏ ပြောကြားချက်အရ သိရသည်။
စိုးမိုးသူ(ပြန်/ဆက်)


