စလင်း ၁၇ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့၊ မြေမိရပ်ကွက် ကွင်းအမှတ်(၄၁၈)ရှိ တောင်သူဦးသိန်းထွန်း၏ လယ်မြေ ၁.၂၀ ဧက၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် အကျိုးဆောင်တောင်သူ ပူးပေါင်း ဆောင်ရွက် ထားသော အမယ်သစ်သီးနှံ DAR-4 နှင့် နေပြည်တော်(၁)ကြံမျိုး ကြံစိုက်ခင်းအောင်မြင်ဖြစ်ထွန်းနေမှု ကွင်းသရုပ်ပြပွဲနှင့် စပါးပြီးလယ်မြေပေါ်တွင် ရွှေဖလားကြက်သွန်နီ သီးထပ်စိုက်ပျိုးမှု သရုပ်ပြသ စိုက်ပျိုးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပသည်။
အဆိုပါ ကြံစိုက်ခင်းကွင်းသရုပ်ပြပွဲနှင့် ကြက်သွန်နီ သီးထပ်စိုက်ပျိုးမှု သရုပ်ပြစိုက်ပျိုးပွဲသို့ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူ ၆၂ ဦး တက်ရောက်ကြည့်ရှုခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမြင့်လင်းမှ ဒေသတွင် စိုက်ပျိုးမှုမရှိသေးသော အမယ်သစ်သီးနှံ DAR-4 နှင့် နေပြည်တော်(၁)ကြံမျိုး ကြံစိုက်ခင်း အောင်မြင်ဖြစ်ထွန်းမှု အခြေအနေများနှင့် မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးရေးတို့ကို တောင်သူနည်းပညာပေး ဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် မိုးစပါးစိုက်ပျိုးရိတ်သိမ်းပြီး လယ်မြေပေါ်တွင် လုပ်သားသက်သာသည့် အစက်ချရေဖျန်း စနစ်ကျင့်သုံး၍ မိသားစုဝင်ငွေ တိုးသီးနှံဖြစ်သည့် ရွှေဖလားကြက်သွန်နီ သီးထပ်စိုက်ပျိုးခြင်းကို ပြသရာ တက်ရောက်လာသည့် တောင်သူများမှ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
စိုးမိုးသူ(စလင်း)


