စလင်း၊ ၁၁ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ကုန်းသောင်ကျေးရွာတွင် ကုန်ထုတ်တံတားအသစ် တည်ဆောက်ရန်အတွက် ပန္နက်ရိုက်မင်္ဂလာ အခမ်းအနားကို ဒီဇင်ဘာ ၁၁ ရက် နံနက် ၉ နာရီက အဆိုပါတံတားသစ် တည်ဆောက်မည့် နေရာ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်(၂) ဦးသက်ခိုင်၊ မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးမျိုးအောင်၊ စလင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းဆက်တို့က ပန္နက်ရိုက်မင်္ဂလာပြုကြပြီး အမွှေးနံ့သာများ ပက်ဖျန်းပေးကြသည်။
အဆိုပါ ကုန်းသောင်ကျေးရွာ ကုန်ထုတ်တံတားသစ်မှာ အလျား ပေ ၁၂၀၊ အကျယ် ၁၄ ပေ၊ အမြင့် ပေ ၂၀ ရှိ ဘေလီအမျိုးအစားဖြစ်ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် ၂၄၅ ဒသမ ၈ သန်းဖြင့် တင်ဒါအောင်မြင်သော ပြည့်ဝတိုးကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်မည်ဖြစ်ကာ တံတားပြီးစီးပါက လယ်ယာဧက ၈၀ဝ ကျော်အား အကျိုးပြုသွားမည် ဖြစ်ကြောင်း မင်းဘူးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင့်လွင်ဦးထံမှ သိရသည်။
သူရိန်(မင်းဘူး)


