စလင်း ၁၈ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ် စိုက်ပျိုးရေးဉီးစီးဌာနမှ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြ ကျေးရွာအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်သည့် ဝက်သိုက်ကျေးရွာရှိ ကွင်းအမှတ် (၅၆၉) တောင်သူ ဉီးသန်းဌေးအောင်၏ လယ်မြေ ၁ ဧကတွင် ယခုနှစ်မိုးစပါး ဧရာမင်း(R.S-C.S) မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ် အထွက်နှုန်းယှဉ်ပြိုင်ကွက် စံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပသည်။

အဆိုပါ စံကွက်ရိတ်သိမ်းပွဲနှင့်ကွင်းသရုပ်ပြပွဲသို့ မြို့နယ်အတွင်းရှိ ဝက်သိုက်၊ ပန်းဘဲစု၊ အရာတော် ကျေးရွာများမှ ဒေသခံတောင်သူ ၂၇ ဉီးတက်ရောက်ခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဉီးစီးဌာနမှူး ဉီးမြင့်လင်းက တက်ရောက်လာသော တောင်သူများအား တစ်ဧကအထွက်နှုန်းမြင့်မားစေရေး၊ အောင်နှံပင်ပွား တိုးပွားရေးနှင့် တစ်နှံပါအောင်စေ့တိုးပွားရေး၊ တစ်ဧက ကောက်ကွက်ဝင်ဆံမှုပြည့်မှီရေး၊ တောင်သူများ ကိုယ်တိုင် စီးပွားဖြစ် မျိုးကောင်းမျိုးသန့် မျိုးစေ့များထုတ်နိုင်စေရန်အတွက် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများကို တောင်သူအသိပညာပေး ဟောပြောသည်။

ထို့နောက် စလင်းမြို့နယ် စိုက်ပျိုးရေးဉီးစီးဌာနမှ ဝန်ထမ်းများနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဉီးစီးဌာနမှ ဝန်ထမ်းများက ဒေသခံတောင်သူများနှင့်အတူ တစ်ဧက စံကွက်၏ ၁၀ဝ၀ ပုံ တစ်ပုံ ၆ ဒသမ ၆ ပေ ပတ်လည်ကွက်ကို ရိတ်သိမ်းခဲ့ရာ တစ်ဧကအထွက်နှုန်း စပါးအစို ၁၁၁.၉၂ တင်းထွက်ရှိကြောင်း သိရသည်။

ယခုနှစ် စလင်းမြို့နယ်တွင် မိုးစပါးဧရာမင်းကောက်သစ် ဒေသအခေါ် ရိတ်ချွေစက်ကျ တစ်တင်းလျှင် ကျပ် တစ်သောင်းဈေးဖြင့် စပါးအရောင်းအဝယ်ဖြစ်နေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

စိုးမိုးသူ(စလင်း)