စလင်း  ၂၅   နိုဝင်ဘာ

 

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ မြောက်ရှားတောကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ယမန်နေ့ မွန်းလွဲပိုင်းက မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဉီးတာ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှု ကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဉီးမြင့်အောင်နှင့် ဒေသခံ ပြည်သူလူထုများ တွေ့ဆုံပွဲ အခမ်းအနား ကျင်းပခဲ့သည်။

 

တွေ့ဆုံပွဲတွင် မကွေးတိုင်းဒေသကြီးလွှတ်တော်ဉက္ကဌ ဉီးတာက တိုင်းဒေသကြီးအစိုးရအဖွဲ့မှဒေသ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားကာ  လူဝင်မှု ကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဉီးမြင့်အောင်က ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်များ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ပြည်တွင်းငြိမ်းချမ်းရေး၊ အစိုးရ၏ မူဝါဒများကို ပြည်သူများ အနေဖြင့်သိရှိနားလည်ရန်နှင့် မိမိတို့ရပ်ရွာအတွက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်း လိုအပ်ချက်များကို ရင်းရင်းနှီးနှီး ဆွေးနွေးပေးပါရန်ပြောကြားသည်။

 

ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဉီးသက်ခိုင်မှ ဒေသဖွံ့ဖြိုးရေးအတွက် တိုင်းဒေသကြီးလွှတ်တော်တွင် အဆိုတင်သွန်းမှုများနှင့် တိုင်းဒေသကြီးအဆင့်နှင့်လျော်ညီသည့် ဥပဒေ ရေးရာ မူဝါဒဆိုင်ရာမေးခွန်းမေးမြန်းမှုများကိုပြောကြားပြီး စလင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဉီးဟိန်းဆက်မှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တစ်ဉီးခြင်းမိတ်ဆက်၍ ဌာနဆိုင်ရာများမှ ဆောင်ရွက်ပေးသည့် လုပ်ငန်းများ ကိုဆွေးနွေးပါသည်။

 

ထို့နောက် တက်ရောက်လာသောဒေသခံလူထုမှ နိုင်ငံသားစီစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်း ကိစ္စများတွင် တွေ့ကြုံရသည့် အခက်အခဲများကို တင်ပြဆွေးနွေးရာ တိုင်းဒေသကြီးဝန်ကြီးက သက်ဆိုင်ရာဌာနနှင့် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။

 

အဆိုပါ တွေ့ဆုံပွဲသို့ တိုင်းဒေသကြီးလွှတ်တော်ဉက္ကဌ၊ လူဝန်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်း အမြစ်ဝန်ကြီး၊ မင်းဘူးခရိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာများ၊ ဒေသခံကျေးရွာပြည်သူများ စုစုပေါင်းအင်အား ၂၀ဝ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

 

စိုးမိုးသူ(စလင်း)