စလင်းမြို့နယ်တွင် SRI စိုက်ပျိုးနည်းဖြင့် မိုးစပါးစိုက်ပျိုးခြင်း လက်တွေ့ပြသစိုက်ပျိုး

စလင်း  ၈ သြဂုတ်


မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်တွင် SRI စိုက်ပျိုးနည်းဖြင့် မိုးစပါးစိုက်ပျိုးခြင်းကို လက်တွေ့ပြသ ကွင်းဆင်းစိုက်ပျိုး လျက်ရှိကြောင်း သိရသည်။

 

1


“ကျွန်တော်တို့ စိုက်ပျိုးရေးဦးစီးဌာနနှင့် အကျိုးဆောင်တောင်သူများ ပူးပေါင်းပြီးတော့ ယခုနှစ် မိုးစပါးကို စပါးအစွမ်းဖွင့် စိုက်နည်း(SRI) စနစ်ဖြင့် ပျိုးထောင်စိုက်ပျိုးခြင်းဖြစ်ပြီး စပါးပင်များကို မြေသြဇာနှင့် ပံ့ပိုးပစ္စည်းများပေါ်တွင် မှီခိုခြင်းမရှိဘဲ အပင်၊ မြေ၊ ရေနှင့် အဟာရများကို မျှတအောင် ဆောင်ရွက်ခြင်းဖြင့် စပါးပင်၏ ဗီဇရှိ အစွမ်းရှိသလောက် အထွက်တိုးစေသော စိုက်ပျိုးနည်းဖြစ်ကြောင်း၊ SRI စနစ်ဖြင့် စိုက်ပျိုးမည့် လယ်မြေသည် တမန်းပြင် ညီညာရမည်ဖြစ်ပြီး စပါးမျိုးစေ့ကို ဆားရည်စိမ်၍ အညှောင့်ဖောက်ကာ မြေဆွေး၊ ဖွဲပြာ၊ နွားချေး မြေသြဇာ ရောနှောထားသော ပျိုးဘောင်တွင် စပါးစေ့ကို ညီညာစွာကြဲပေးပြီး တစ်နေ့ ရေနှစ်ကြိမ်လောင်း၍ ပျိုးထောင်ခြင်းဖြစ်ကြောင်း” မြို့နယ် စိုက်ပျိုးရေးဦးစီးအရာရှိ ဦးမြင့်လင်းက ပြောသည်။

 

1


ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် စိုက်ပျိုးရေးရုံးမှ ဝန်ထမ်းများသည် ယမန်နေ့က စလင်းမြို့နယ် ဘီးဇပ်ကျေးရွာတောင်သူ ဦးကျော်မိုးသူ၏ လယ်မြေ၌ စပါးအစွမ်းဖွင့်စိုက်နည်း (SRI)စနစ်ဖြင့် ဧရာမင်းမျိုးစပါး ပျိုးပင်များအား ဒေသခံတောင်သူများ နှင့်အတူ လက်တွေ့ပြသ စိုက်ပျိုးခဲ့ကြောင်း သိရသည်။


စလင်းမြို့နယ်အတွင်း၂၀၁၉ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် ကျေးရွာ ၁၃ ရွာမှ တောင်သူ ၁၅ ဦး အပိုင်ကွင်းပေါင်း ၁၂ ကွင်း၌ ဧရာမင်းစပါးပျိုးပေါင်း ၄၇ ဒသမ ၅၀ ဧက ပျိုးထောင်ထားရှိပြီး ယခုသြဂုတ်လ ပထမအပတ်ထိ SRI စံပြကွက် ၂၆ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

စိုးမိုးသူ(စလင်း)