စလင်း၊  ၁၀  ဇွန်

 

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ် မြို့နယ်သစ်တောဉီးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခုနှစ် မိုးရာသီ ကာလတွင် သဘာဝပတ်ဝန်းကျင်းထိန်းသိမ်းရေးအတွက် ဒေသနှင့်ကိုက်ညီသည့် အရိပ်ရ ပျိုးပင်ပေါင်း ၆၀၀၀၀ ကျော်  စိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။

 

စလင်းမြို့နယ် သစ်တောဉီးစီးဌာနအနေဖြင့် နှစ်စဉ် ဇွန်လနှင့် ဇူလိုင်လများအတွင်း မိုးရာသီ သစ်ပင်စိုက်ပွဲများ ကျင်းပဆောင်ရွက်လျက်ရှိရာ အညာဒေသ မိုးနည်းရပ်ဝန်းနှင့် ကိုက်ညီသည့်  တမာ၊ ကုက္ကိုကဲသို့ ရာသီဥတုဒဏ်ခံနိုင်သည့် အရိပ်ရနှစ်ရည်ပင်များကို ပျိုးထောင်ထားရှိပြီး နှစ်စဉ်ဖြန့်ဝေခဲ့သည်။

 

ယခုနှစ်မိုးရာသီကာလအတွင်း ဖြန့်ဝေနိုင်မည့်အပင်များကို အပင်များရှင်သန်ကြီးထွားစေရန်နှင့် အပင်များ သေပျောက်မှုလျှော့ကျစေရေ အတွက် ပျိုးပင်များကို အမြင့် ၂ ပေနှင့် အထက်ရှိမှသာ ဖြန့်ဝေနိုင်စေရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်း စလင်းမြို့နယ် သစ်တောပျိုးဉယျာဉ်တာဝန်ခံ တောအုပ် ဉီးရွှေမင်းမောင် ပြောကြားချက်အရ သိရသည်။

 

ယခုနှစ်ပျိုးပင်များ ဖြန့်ဝေနိုင်ရန်အတွက် ပျိုးထောင်ထားရှိသော အပင်အမျိုးအစားများမှာ တမာ၊ ကုက္ကို၊ ကျွန်း၊ မဲဇလီ၊ မန်ကျည်း၊ ရှော်ဖြူ၊ မန်ဂျန်၊ ရှား၊ ယူကလစ်၊ ယင်းမာနှင့် ရေတမာ စသည့်ပျိုးပင်ပေါင်း ၆၀၀၀၀ အား မိုးရာသီသစ်ပင်စိုက်ပွဲတော်များ ကျင်းပ၍ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ အသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များနှင့် အများပြည်သူတို့အား အခမဲ့ ဖြန့်ဝေစိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

 

မောင်လွင်(ပြန်/ဆက်)