စလင်း ၂၂ မတ်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ စလင်းရေလှောင်တမံ ရေပိုလွှဲပျက်စီးနေမှုကို ခွင့်ပြုငွေကျပ် သိန်း ၃၅၀၀ အကုန်ကျခံ၍ ဆည်မြောင်းတည်ဆောက်ရေးက မိုးမကျမီ ပြီးစီးနိုင်ရေးအတွက် ပြင်ဆင်လျက်ရှိရာ ယခုအခါ ၇၅ ရာနှုန်း ပြီးစီးနေပြီ ဖြစ်သည်။
စလင်းရေလှောင်တမံ၏ ပင်မရေပိုလွှဲ အကြီးစားပြင်ဆင်ခြင်းလုပ်ငန်းဖြစ်သည့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း လျာထားပမာဏ ၄၆၆၇ ဒသမ ၆၆ ကျင်းရှိပြီး ဆောင်ရွက်ပြီးစီးမှု ပမာဏမှာ ၃၀၄၃ ကျင်းဖြစ်သည်။ ဆောင်ရွက်ရန်ကျန်ရှိသည့်ပမာဏ ၁၆၂၄ ဒသမ ၆၆ ကျင်းကို စက်ယန္တရားကြီးများ အသုံးပြုပြီး နေ့ဆိုင်းညဆိုင်းများခွဲကာ လုပ်ငန်းခွင်မထိခိုက်စေရေးနှင့် အန္တရာယ်မဖြစ်စေရေးတို့ကို တာဝန်ရှိသူများက အဆင့်ဆင့်ညွှန်ကြားကြပ်မတ်လျက် မိုးမကျမီ အပြီးပြင်ဆင်သွားမည်ဟု ပြုပြင်ခြင်းလုပ်ငန်းတာဝန်ခံ ဦးစိုးမင်းနိုင် (SAE) (မကွေး)က ပြောပြခဲ့သည်။
ယခုအချိန်၌ ဆည်တွင်းရှိ ရေပမာဏအားဖြင့် နွေရာသီသီးနှံစိုက်ပျိုးတောင်သူများအား စလင်းတမံမှတစ်ဆင့် လင်းဇင်းရေလွှဲဆည်၊ လင်းဇင်းရေလွှဲဆည်မှ စလင်းမြို့နယ်အတွင်းရှိ နွေသီးနှံစိုက်တောင်သူကြီးများအား မတ် ၁ ရက်မှစ၍ ရေပေးဝေလျက်ရှိရာ ဧပြီလတွင် ရေပေးဝေမှုကို ခေတ္တခဏရပ်နားထားမည်ဖြစ်ပြီး မေလထဲတွင် ပြန်လည်စတင် ပေးဝေသွားမည်ဖြစ်သည်။ ယင်းရေပိုလွှဲပြင်ဆင်ပြီးပါက စလင်းရေလှောင်တမံ၌ ရေပမာဏ ၁၃၃၀၀၀ ဧကပေကို သိုလှောင်နိုင်မည်ဖြစ်ပြီး ဆည်ရေသောက်ဧရိယာဧက ၃၃၀၀၀ အား ရေပေးဝေနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
မောင်လွင်(ပြန်/ဆက်)


