ကြို့ပင်ကောက် ၃ သြဂုတ်
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ လျှပ်စစ်မီးမရရှိသေးသော ကျေးရွာ နေပြည်သူများထံသို့ စွမ်းအားမြှင့်မီးဖိုအလုံး(၂)သောင်းကျော်ကို (အခမဲ့) ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံးမှ သိရသည်။
ကြို့ပင်ကောက်မြို့နယ် အတွင်းရှိ သစ်တောများပြုန်းတီးမှု ကာကွယ်နိုင်ရေး၊ ထင်းသုံးစွဲမှုလျော့ချနိုင်ရေး၊ ကာဗွန်ထုတ်လုပ်မှုလျော့ချရေးတို့အတွက် ရည်ရွယ်ပြီး စွမ်းအားမြှင့်မီးဖိုအလုံး(၂)သောင်းကျော်ကို (အခမဲ့) ဖြန့်ဝေပေးသွားရန် သြဂုတ်လအတွင်းမှ စတင်စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ဌေးက ပြောကြားသည်။
အဆိုပါစွမ်းအားမြှင့်မီးဖိုများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကိုးရီယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ(KOICA)နှင့် ကိုရီးယားရာသီဥတု ပြောင်းလဲမှှုဗဟိုဌာန (KOICA CCC) တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် လျှပ်စစ်မီးမရရှိသေးသည့် ထင်းအဓိကထား သုံးစွဲနေရသော ကျေးရွာများကို ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အတွင်း စွမ်းအားမြှင့်မီးဖိုဖြန့်ဝေရန် ကျေးရွာအုပ်စု(၄၇)အုပ်စုမှ ရွာခွဲပေါင်း (၂၂၅)ရွာရှိ အိမ်ထောင်စုပေါင်း ၂၀၅၀၄ စုသို့ဖြန့်ဝေပေးရန် သြဂုတ်လ(၇)ရက်နေ့တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စီမံကိန်းတွင်ပါဝင်သူများအား အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မီးဖိုများရရှိလာပါက မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးပညာပေး ဝန်ထမ်းပေါင်း (၂၇)ဦးဖြင့် ကျေးရွာများအရောက် သုံးစွဲပုံနည်းစနစ်များ ပညာပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ဌေးက ပြောကြားသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)


