နေပြည်တော်  ၂၂  ဇွန်

 

မြန်မာနိုင်ငံတွင်ဆောင်ရွက်မည့် စွမ်းအားမြင့်မီးဖိုများ ဖြန့်ဖြူးခြင်းဆိုင်ရာစီမံကိန်း နှစ်ဘက်သဘောတူ လက်မှတ် ရေးထိုးခြင်း အစီအစဉ်ကို ယနေ့ ညနေပိုင်းတွင် Video Conferencing ဖြင့် ကျင်းပသည်။

 

အစီအစဉ်အရ ကိုရီးယားသမ္မတနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုဌာန CCC ၏ ထောက်ပံ့ငွေ (Grant) အမေရိကန်ဒေါ်လာ (၁၆) သန်း ဖြင့် ၂၀၂၀ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ (၇) နှစ်ကြာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် စွမ်းအားမြင့်မီးဖိုများ ဖြန့်ဖြူးခြင်းစီမံကိန်းကို  စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းနှင့် ကိုရီးယားသမ္မတနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုဌာန Climate Change Center-CCC  မှ အတွင်းရေးမှူးချုပ် Ms. Sohee Kim တို့က  စီမံကိန်းဆိုင်ရာသဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ကြသည်။

 

မြန်မာနိုင်ငံ တိုင်းဒေသကြီး ပြည်နယ် (၆) ခုရှိ ကျေးလက်ဒေသများတွင် လောင်စာထင်းသုံးစွဲမှု လျော့ချနိုင်ရန်၊ သစ်တောပြုန်းတီးမှုမှ ကာကွယ်နိုင်ရန်၊ မြန်မာနိုင်ငံအတွက် Carbon Credit ရရှိနိုင်ရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်ရန်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး ကျေးရွာသစ်လှုပ်ရှားမှု စံပြကျေးရွာများ တိုးချဲ့ထူထောင်နိုင်ရန် စသည့် စီမံကိန်း၏ ရည်မှန်းချက်များဖြင့် စီမံကိန်းကာလ ၇ နှစ်အတွင်း နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတိုင်း ဒေသကြီးများနှင့် မွန်ပြည်နယ်၊ ရှမ်းပြည်နယ်များရှိ အိမ်ထောင်စုပေါင်း ၁ ဒသမ ၇၂၈ သန်းကို စွမ်းအားမြင့် မီးဖိုများ အခမဲ့ ဖြန့်ဖြူးပေးသွားမည်ဖြစ်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ကျေးရွာသစ်လှုပ်ရှားမှု ရန်ပုံငွေ အမေရိကန်ဒေါ်လာ (၄ ဒသမ ၃၂) သန်း ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

ညီညီသန်း(နေပြည်တော်)