ကျိုက်မရော ၁၇ စက်တင်ဘာ
မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်တွင် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကိုရီးယားအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအေဂျင်စီ(KOICA)နှင့်ကိုရီးယားရာသီဥတုပြောင်းလဲမှုဗဟိုဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် မြန်မာနိုင်ငံတွင် စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဖြူးခြင်း စီမံကိန်းစတင်ခြင်း အလုပ်ရုံဆွေးနွေးပွဲနှင့် စီမံကိန်းအကာင်ထည်ဖော်မည့်သူများ ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောအောင်မြင့်ခိုင်က အမှာစကား ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဦးလှထွန်းအောင်က စွမ်းအားမြှင့် မီးဖိုများဖြန့်ဖြူးခြင်း မီးဖို၏အသုံးဝင်ပုံနှင့် ပတ်သက်သည့်အကြောင်းအရာများကို ရှင်းလင်းတင်ပြပြီး မြို့နယ်ဦးစီးမှူး ဦးအောင်ကိုမင်းကစွမ်းအားမြှင့်မီးဖိုအသုံးပြုပုံအဆင့်ဆင့်ကို လက်တွေ့သရုပ်ပြ ရှင်းလင်းခဲ့သည်။
စွမ်းအားမြှင့်မီးဖိုဖြန့်ဖြူးခြင်းစီမံကိန်းတွင် ကျိုက်မရောမြို့နယ်တွင် ကျေးရွာစုစုပေါင်း(၂၁)ရွာနှင့် အိမ်ထောင်စုပေါင်း ၁၆၀ဝ၀ ပါဝင်ခွင့်ရရှိမည်ဖြစ်ကြောင်းသတင်းရရှိသည်။
ချိုမြတ်မြတ်ထွေး ( ကျိုက်မရော )


