စွမ်းအားငယ်မီးစက်တို့၏ အလားအလာ

၂၅   ဖေဖော်ဝါရီ

 

လျှပ်စစ်မီးသည် ကျေးလက်ပြည်သူတို့၏ဘဝကို ပြောင်းလဲမြှင့်တင်ပေးနိုင်သော အရင်းအမြစ်တစ်ခု ဖြစ်ပါသည်။ လျှပ်စစ်မီးသည် ကျေးလက် ကျောင်းသူ ကျောင်းသားတို့၏ စာပေသင်ယူမှုကို ထိထိရောက်ရောက် ပံ့ပိုးတွန်းအား ပေးနိုင်ပါသည်။ လျှပ်စစ်မီးရရှိပါက ရုပ်မြင်သံကြားမှ တစ်ဆင့်အကြားအမြင် ဗဟုသုတတို့ကို ဆည်းပူးနိုင်ပါသည်။ လျှပ်စစ်မီးရရှိပါက အသေးစားလုပ်ငန်းတို့ကို ဖန်တီးဆောင်ရွက်နိုင်ပါသည်။ လျှပ်စစ်မီး၏ အသုံးဝင်ပုံကို တင်ပြရမည် ဆိုပါက ဆုံးနိုင်မည်မဟုတ်ဟုပင် ပြောဆိုရမည် ဖြစ်ပါသည်။

 

သို့သော် ဖွံ့ ဖြိုးဆဲနိုင်ငံတစ်နိုင်ငံဖြစ်သော နိုင်ငံတော်၌ ကျေးလက်အားလုံးသို့ လျှပ်စစ်မီးဖြန့်ဖြူးပေးနိုင်ရေးကို အချိန်ယူ အကောင်အထည်ဖော် ဆောင်ရွက်ရဦးမည် ဖြစ်ပါသည်။ ကျေးလက်အားလုံးသို့ မဟာဓာတ်အားလိုင်း ရောက်ရှိရေးသည် အချိန်ယူရမည်ဖြစ်သကဲ့သို့ ရင်းနှီးမြှုပ်နှံမှုပမာဏ ကြီးမားသော လုပ်ငန်းစီမံကိန်းမျိုးလည်း ဖြစ်ပါသည်။ ဤသို့သော အခြေအနေမျိုး၌ ကျေးရွာတိုင်းသို့ မဟာဓာတ်အားလိုင်း ရောက်ရှိသည်အထိ ထိုင်စောင့်နေ၍ မရနိုင်ပါ။ တိုင်းပြည်၏ ပကတိအခြေအနေနှင့် ကိုက်ညီသော နည်းလမ်းပေါင်းစုံကို ဖန်တီးဖော်ဆောင်၍ ကျေးရွာများသို့ လျှပ်စစ်ဓာတ်အား ပေးနိုင်ရေးကို ကြိုးပမ်း အကောင်အထည်ဖော်ကြရမည် ဖြစ်ပါသည်။

 

ကျေးရွာအတော်များများ၌ နေရောင်ခြည်စွမ်းအင်ကိုသုံး၍ လျှပ်စစ်ဓာတ်အား ရယူသုံးစွဲနေသည်ကို ပို၍ ပို၍ ကျယ်ကျယ်ပြန့်ပြန့် တွေ့လာနေရပါသည်။ သို့သော် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်မီးရရှိရေးသည် ကျေးလက်ပြည်သူ အများစု၏ သုံးစွဲနိုင်စွမ်းထက်မြင့်မားနေဆဲ ဖြစ်နေပါသည်။ သို့ဖြစ်ပါ၍ ကျေးလက်ပြည်သူတို့၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် နည်းလမ်းသစ်တို့ကို ကြံဆရှာဖွေရမည် ဖြစ်ပါသည်။ တင်ပြရမည်ဆိုပါက ဤကဲ့သို့ နည်းလမ်းသစ်များ ကြံဆရှာဖွေနိုင်ရေးသည် အမျိုးသားရေးလိုအပ်ချက်ဟုပင် ပြောဆိုနိုင်ပါသည်။ အဆိုပါ အမျိုးသားရေး လိုအပ်ချက်နှင့်အညီ မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့ပူးပေါင်း၍ စွမ်းအားငယ် မီးစက် (1 KW Generator) တို့ ထုတ်လုပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်ဟူသော သတင်းကောင်းတစ်ရပ် မကြာမီက ထွက်ပေါ်လာခဲ့သည်ကို တွေ့ရှိရပါသည်။

 

ဂျပန်နိုင်ငံမှပညာရှင်များနှင့် စက်မှုဝန်ကြီးဌာနမှ ပညာရှင်များ ပူးပေါင်းထုတ်လုပ်သည့် စွမ်းအားငယ်မီးစက်သည် ကျေးရွာတို့၏ အခြေခံလျှပ်စစ်မီး လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် ရည်ရွယ်ထုတ်လုပ်သော မီးစက်ငယ်များ ဖြစ်ပါသည်။ စွမ်းအားငယ်မီးစက်တစ်လုံးသည် လေးပေမီးချောင်း အချောင်း ၂၀ခန့်အသုံးပြုနိုင်သည့် လျှပ်စစ်ဓာတ်ကိုထုတ်လုပ် ပေးနိုင်ပါသည်။ ဤစွမ်းအားငယ်မီးစက်၏ အားသာချက်သည် ကျေးလက်တို့၏ ပကတိအနေအထားကို အခြေခံ၍ လျှပ်စစ်ဓာတ် ထုတ်လုပ်ပေးနိုင်ခြင်း ဖြစ်ပါသည်။ အဆိုပါ စွမ်းအားငယ်မီးစက်အား စမ်းသပ်လည် ပတ်ပုံကို ကြည့်ရုံမျှဖြင့် ကျေးလက်တောရွာတို့၏ ပကတိအခြေအနေအပေါ် ထင်ဟပ်နိုင်ပုံကို သိမြင်နိုင်မည် ဖြစ်ပါသည်။

 

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်၌ နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် စိမ်းစားပင်အုပ်စု၌ ဤစွမ်းအားငယ်မီးစက်ကို စမ်းသပ်လည်ပတ်ခဲ့ပါသည်။ လယ်ယာမြေများသို့ ရေပေးဝေသည့် ဆည်မြောင်း တူးမြောင်းအတွင်း ဤစွမ်းအားငယ်မီးစက်ကို တပ်ဆင်၍ စမ်းသပ်လည်ပတ်ခဲ့ခြင်း ဖြစ်ပါသည်။ ဤကဲ့သို့သော တူးမြောင်းမျိုးသည် မြန်မာနိုင်ငံအနှံ့အပြားရှိ ကျေးလက်တောရွာတို့၌ မြင်တွေ့နိုင်သော တူးမြောင်းမျိုး ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စွမ်းအားငယ်မီးစက် ထုတ်လုပ်ရေး စီမံကိန်းကို ဂုဏ်ပြုကြိုဆိုပါကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။ ။

 

မြန်မာ့အလင်း (အယ်ဒီတာ့အာဘော်)