နေပြည်တော်၊ နိုဝင်ဘာ ၉

 

မြန်မာနိုင်ငံ၏ စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေးနှင့် ထိန်းသိမ်းရေး ဝက်(ဘ်)ဆိုဒ် မိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံစက်မှု ကုန်ထုတ်လုပ်သူများအသင်း၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်တို့မှ ကိုယ်စားလှယ်များ၊ လေအေးပေးစက်၊ ရေခဲသေတ္တာ၊ မော်တာ၊ မီးသီး/ မီးချောင်းတို့အား ထုတ်လုပ်/တင်သွင်းခြင်းနှင့်သက်ဆိုင်သည့် ကိုယ်စားလှယ်များသည် Virtual စနစ်ဖြင့်တက်ရောက်သည်။

 

ယနေ့အခမ်းအနားကို စက်မှုဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် စွမ်းအင်အကျိုးရှိ ထိရောက်စွာ သုံးစွဲရေးနှင့် ထိန်းသိမ်းရေး လုပ်ငန်းစဉ်များကို အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်၊ စွမ်းအင်အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်စေရေး နည်းပညာများ ဖြန့်ဝေနိုင်ရန်၊ စွမ်းအင်အကျိုးရှိ ထိရောက်စွာ အသုံးပြုနိုင်စေရေး နည်းပညာများဖြန့်ဝေနိုင်ခြင်းဖြင့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ တင်သွင်း/ ထုတ်လုပ်/ ဖြန့်ဖြူးရောင်းချနေသည့် လုပ်ငန်းရှင်များအနေဖြင့် လေအေးပေးစက်၊ ရေခဲသေတ္တာ၊ မီးသီး/မီးချောင်း နှင့် လျှပ်စစ်မော်တာ စသည့်ထုတ်ကုန် (၄) မျိုးကို အွန်လိုင်းမှ မှတ်ပုံတင်ခြင်းစနစ်ကို အသုံးပြု၍ စွမ်းအင်စွမ်းဆောင်ရည် စံသတ်မှတ်ချက်ဆိုင်ရာ အမှတ်တံဆိပ်ကို ထုတ်ယူကပ်နှိပ်နိုင်စေရန် ရည်ရွယ် ကျင်းပခြင်းဖြစ်သည်။

 

အစီအစဉ်အရ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံ၏ စွမ်းအင်အကျိုးရှိ ထိရောက်စွာသုံးစွဲရေး လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း၊ စွမ်းအင်ခြိုးခြံ ချွေတာရေးဌာနမှ ညွှန်ကြားရေးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူးတို့က စွမ်းအင်အကျိုးရှိ ထိရောက်စွာ သုံးစွဲရေးနှင့် ထိန်းသိမ်းရေး ဝက်(ဘ်)ဆိုဒ်နှင့် ထုတ်ကုန်များ၏ စံချိန်စံညွှန်းနှင့် တံဆိပ်ကပ်နှိပ်ခြင်းစနစ် အကောင်အထည်ဖော်မှုနှင့် ထုတ်ကုန်များကို အွန်လိုင်းမှ မှတ်ပုံတင်ခြင်းစနစ် အသုံးပြုပုံတို့ကိုလည်းကောင်း ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များနှင့် ထုတ်ကုန်အရည်အသွေး စံသတ်မှတ်ခြင်းနှင့် တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာတို့ကို မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများမှအသေးစိတ် ပြန်လည်ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများသည် စွမ်းအင်အကျိုးရှိ ထိရောက်စွာ သုံးစွဲရေးနှင့် ထိန်းသိမ်းရေး ဝက်(ဘ်)ဆိုဒ် လွှင့်တင်ရန် သဘောတူညီခဲ့ကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက စွမ်းအင်အကျိုးရှိ ထိရောက်စွာသုံးစွဲရေးနှင့် ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းစေခြင်း၊ ထုတ်လုပ်မှု ကုန်ကျစရိတ် သက်သာစေခြင်း၊ စွမ်းအင်ခြိုးခြံချွေတာနိုင်ခြင်း၊ နိုင်ငံခြားငွေအသုံးပြုရမှု လျော့နည်း သက်သာစေခြင်း၊ သဘာဝအရင်းအမြစ်များကိုလည်း ထိန်းသိမ်းနိုင်ခြင်း၊ စွမ်းအင်အကျိုးရှိ ထိရောက်စွာ သုံးစွဲနိုင်ရေးအတွက် အလုပ်အကိုင်ရရှိခြင်း၊ ချွေတာမှုမှရရှိသည့် စွမ်းအင်ပိုမို အသုံးပြုနိုင်ခြင်း၊ နည်းလမ်းများ ရှာဖွေရသည့်အတွက် နည်းပညာများဖွံ့ဖြိုး တိုးတက်လာခြင်း၊ ပြည်သူများ၏ လူနေမှု အဆင့်အတန်းများလည်း တိုးတက်မြင့်မားလာမည်ဖြစ်ခြင်း၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်နိုင်မည်ဖြစ်ခြင်း စသည့်အကျိုးကျေးဇူးများကိုလည်း ရရှိမည်ဖြစ်ကြောင်း၊ စွမ်းအင်အကျိုးရှိ ထိရောက်စွာ အသုံးပြုနိုင်ရေးနှင့် ပတ်သက်သည့် မူဝါဒများရေးဆွဲ၍ ထိန်းကျောင်း ကြပ်မတ်နိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး (GDP) တွင် စိုက်ပျိုးရေး၊ စက်မှုနှင့် ဝန်ဆောင်မှု ကဏ္ဍဟူ၍ အစဉ်အလိုက် ရပ်တည်လျက်ရှိကြောင်း၊ စက်မှုကဏ္ဍတွင် ပါဝင်သည့် ထုတ်လုပ်မှု လုပ်ငန်းများအားလုံးသည် စွမ်းအင်ကို အဓိကအားထား မှီခိုနေရကြောင်း၊ ထို့ကြောင့် စွမ်းအင်ကို လေလွင့်မှုအနည်းဆုံးနှင့် အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်လျှင် ပြည်တွင်းထုတ်လုပ်မှု လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် စက်မှုကဏ္ဍ၌ အသိပညာရှင်၊ အတတ်ပညာရှင်များစွာရှိ၍ တီထွင်ဆန်းသစ်မှု လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ တက်ရောက်လာသည့် ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များအားလုံးမှ စွမ်းအင်အကျိုးရှိ ထိရောက်စွာ အသုံးပြု နိုင်ရေးကိစ္စနှင့်ပတ်သက်၍ ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးကြရန် ပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်