အေသင်   စက်တင်ဘာ    ၁၁

 

စွမ်းအင်အကျပ်အတည်းနှင့် မြင့်မားသော ငွေကြေးဖောင်းပွမှုကို ဖြေရှင်းဆောင်ရွက်ရာတွင် အိမ်ထောင်စုများနှင့် စီးပွားရေးလုပ်ငန်းများကို ပိုမိုအထောက်အကူပြုရန်အတွက် အနိမ့်ဆုံးလုပ်ခလစာနှင့် ပင်စင်လစာများ တိုးမြှင့်ပေးခြင်းအပါအဝင် စီမံချက်များကို ဂရိဝန်ကြီးချုပ် ကီရီယာ ကော့မက်စိုတာကက်စ်က စက်တင်ဘာ ၁၀ ရက်တွင် ကြေညာခဲ့သည်။

 

အဆိုပါ စီမံချက်များတွင် မကြာသေးမီလများအတွင်း ခွဲဝေချထားပေးသော အမေရိကန်ဒေါ်လာ ၈ ဒသမ ၁၂ ဘီလီယံအပြင် လျှပ်စစ်ဓာတ်အား ကုန်ကျစရိတ်များအတွက် ထောက်ပံ့ကြေးများ ပါဝင်ကြောင်း သိရသည်။

 

ဂရိနိုင်ငံသည် အခွန်ဖြတ်တောက်ခြင်းနှင့် အနိမ့်ဆုံးလုပ်အားခနှင့် ပင်စင်လစာများ တိုးမြှင့်ပေးခြင်းအစီအမံကို ယခုနှစ်ကုန်နှင့် ၂၀၂၃ ခုနှစ်အတွင်း အကျိုးသက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

 

ဂရိနိုင်ငံ၌ ပင်စင်လစာများကို ဆယ်စုနှစ်တစ်ခုကျော်အတွင်း ပထမဆုံးအကြိမ် တိုးမြှင့်ပေးမည်ဖြစ်ပြီး အနည်းဆုံးလစဉ် လစာလည်း တိုးလာမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

 

ဂရိလူမျိုးများ၏ တစ်ခါသုံးဝင်ငွေသည် တိုးလာမည်ဖြစ်ပြီး ဝင်ငွေနည်းသော အိမ်ထောင်စုအများစုသည် ပိုမိုအကျိုးခံစားခွင့်များ ရရှိမည်ဖြစ်ကြောင်း ဂရိနိုင်ငံပိုင်ရုပ်သံလိုင်း အီးအာအက်စ်မှ ထုတ်လွှင့်သည့် ၎င်း၏မိန့်ခွန်းအတွင်း ဝန်ကြီးချုပ်က ပြောကြားသည်။

 

လူငယ်များကို ပိုမိုပံ့ပိုးကူညီရန်အတွက် မူလနေအိမ်တစ်လုံးကို ငှားရမ်းခြင်း သို့မဟုတ် ဝယ်ယူခြင်းနှင့် ပြုပြင်မွမ်းမံခြင်းများကို အစိုးရ က ထောက်ပံ့ကြေးပေးမည်ဖြစ်ကြောင်း သိရသည်။

 

 ဆင်ဟွာ