နေပြည်တော်၊ ဧပြီ ၅

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် စွမ်းအင်ကဏ္ဍလုံခြုံရေးနှင့် စွမ်းအင်ဖူလုံရေး ခိုင်မာစေရန်ရည်ရွယ်၍ စွမ်းအင်ဖူလုံရေးနှင့် စွမ်းအင်အသွင်ကူးပြောင်းရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်း၌ စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၆)ရှိ ရတနာခန်းမ၌ကျင်းပသည်။

ရှေးဦးစွာ စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က စွမ်းအင်အသွင်ကူးပြောင်းရေး ဆောင်ရွက်ရာတွင် Green Energy အရင်းအမြစ်များကို ပြောင်းလဲသုံး စွဲကြရမည်ဖြစ်သဖြင့် Clean Energy ဟုသတ်မှတ်သည့် သဘာဝဓာတ်ငွေ့ကို ကြားခံအဆင့်တစ်ခုအဖြစ် မလွှဲမသွေ သုံးစွဲသွားရဦးမည်ဖြစ်ပါကြောင်း၊ ရုပ်ကြွင်းလောင်စာများဖြစ်သည့် ကျောက်မီးသွေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့တို့အနက် ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု အနည်းဆုံးမှာ သဘာဝဓာတ်ငွေ့ပင် ဖြစ်ကြောင်း၊ ထို့ကြောင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ သဘာဝဓာတ်ငွေ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် နည်းလမ်းပေါင်းစုံသုံး၍ စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေးအတွက် ပြည်တွင်းသဘာဝဓာတ်ငွေ့ တိုးမြှင့် ထုတ်လုပ်ခြင်းနှင့် LNG တင်သွင်းခြင်း စသည်ဖြင့် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် သဘာဝဓာတ်ငွေ့ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ခေတ်မီနည်းပညာများကို အသုံးပြု၍ လက်ရှိထုတ်လုပ်နေသော ရေနံနှင့် သဘာဝဓာတ်ငွေ့မြေများမှ တိုးတက်ထုတ်လုပ်နိုင်ရေး၊ တူးဖော်ခြင်းမပြုရသေးသော ကျောက်လွှာစဉ်စုများမှ ရေနံနှင့် သဘာဝ ဓာတ်ငွေ့များ ထုတ်ယူရရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ ရေနံနှင့် သဘာဝဓာတ်ငွေ့မြေ အသစ်များကို ကုန်းတွင်းနှင့် ကမ်းလွန် နေရာ ၂ ခုလုံးတွင် ရှာဖွေဖော်ထုတ်ရန် မဖြစ်မနေကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သဘာဝဓာတ်ငွေ့ရည် (LNG) ကို မြန်မာနိုင်ငံ၏ Energy Mix တွင် အချိုးအစားတစ်ခုပါဝင် အသုံးပြုခြင်းဖြင့် မိမိတို့နိုင်ငံ၏ စွမ်းအင်လုံခြုံမှုကို အထောက်အကူ ပြုနိုင်မည့် အခြေအနေဖြစ်ရာ ယနေ့အလုပ်ရုံ ဆွေးနွေးပွဲသို့တက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးရန်လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ပထဝီအနေအထားအပြင် တည်ဆောက်ထားပြီးဖြစ်သည့် ပိုက်လိုင်းကွန်ယက်နှင့် အခြေခံအဆောက်အဦများ အထိုက်အလျောက် ရှိပြီးဖြစ်ရာ LNG Trading အတွက်ပါ စဉ်းစားဆောင်ရွက်ကြရမည်ဖြစ်သဖြင့် လိုအပ်သည့်မူဝါဒများ၊ အခြေခံအဆောက်အဦများ၊ လုပ်ငန်းအစီအမံများ ကြိုတင်ပြင်ဆင်ချမှတ်သွားကြရန် လိုအပ်ကြောင်း ဦးဆောင်ဆွေးနွေး ပြောကြားသည်။

ထို့နောက် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ပညာရှင်များက ပြည်တွင်းသဘာဝ ဓာတ်ငွေ့ လိုအပ်ချက်နှင့် တိုးမြှင့်ဖြန့်ဖြူးပေးမည့် အခြေအနေနှင့် ပတ်သက်၍လည်းကောင်း၊ နိုင်ငံတော်၏စွမ်းအင်ကဏ္ဍ လုံခြုံရေးအတွက် သဘာဝဓာတ်ငွေ့၏ အရေးပါမှု အခြေအနေများကိုလည်းကောင်း၊ LNG ဈေးနှုန်းနှင့် အကျိုးရှိ ထိရောက်စွာအသုံးပြုနိုင်မည့် ကိစ္စရပ်များနှင့်ပတ်သက်၍လည်းကောင်း၊ သဘာဝဓာတ်ငွေ့၊ CNG၊ LPG တို့ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု၊ ကုန်ထုတ်လုပ်မှု၊ သယ်ယူပို့ဆောင်မှု၊ မီးဖိုချောင်သုံးကဏ္ဍတို့တွင် အကျိုးရှိထိရောက်မှု၊ သတိပြုရန် အချက်များနှင့်ပတ်သက်၍လည်းကောင်း၊ CNG၊ LPG တို့ကို မော်တော်ယာဉ်များတွင် အသုံးပြုခြင်းဖြင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများနှင့် ပတ်သက်၍လည်းကောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကွန်ယက်၊ အနာဂတ် အစီအမံများ၊ အကျိုးရှိစွာ အသုံးချနိုင်ရေးတို့နှင့် ပတ်သက်၍လည်းကောင်း၊ သဘာဝဓာတ်ငွေ့ကဏ္ဍနှင့်သက်ဆိုင်သော ဥပဒေဆိုင်ကိစ္စရပ်များနှင့် ပတ်သက်၍လည်းကောင်း သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးကြပြီး ဆွေးနွေးမှုများအပေါ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းနှင့် တက်ရောက်လာကြသူများက သိရှိလိုသည်များနှင့် ထည့်သွင်းစဉ်းစားသင့်သည့် အချက်များကို ဝိုင်းဝန်း အကြံပြုဆွေးနွေးခဲ့ကြသည်။

ထို့နောက် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးက LNG ဆိုင်ရာနည်းပညာများနှင့်ပတ်သက်၍ အသိပညာ၊ ဗဟုသုတများ ပြန့်ပွားစေရေးကိုလည်း အလေးထားဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ သဘာဝဓာတ်ငွေ့ သုံးစွဲလိုသူများအနေဖြင့်လည်း သဘာဝဓာတ်ငွေ့ ရောင်းဝယ်ရေး စာချုပ်ဆိုင်ရာကိစ္စများနှင့်ပတ်သက်၍ နားလည်သဘောပေါက်အောင် လေ့လာထားကြရန် လိုကြောင်းဆွေးနွေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နည်းပညာနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို သက်ဆိုင်ရာ ဌာနများအလိုက် ကျွမ်းကျင်ပိုင်နိုင်စွာ လေ့လာထားရန်လိုအပ်ပြီး နိုင်ငံတော်၏စွမ်းအင် ဖူလုံရေးနှင့် လုံခြုံရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း မှာကြားပြီး ပါဝင်ဆွေးနွေးသူများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။

အလုပ်ရုံဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ စွမ်းအင်ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ ဦးစီးဌာန/ လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်တွင်း/ ပြည်ပ ပညာရှင်များ၊ စွမ်းအင်ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေသော ကုမ္ပဏီများနှင့် ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများတက် ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်