တိုကျို မတ် ၁၅
ဂျပန်နှင့်တောင်ကိုရီးယားတို့သည် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများအပေါ် စဉ်းစားလျက် စွမ်းအင်ထောက်ပံ့မှုနှင့် ဘဏ္ဍာရေးဈေးကွက်များတွင် တည်ငြိမ်မှုရှိစေရေး ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့ကြသည်။ နှစ်နိုင်ငံစလုံးမှ ဝန်ကြီးအဆင့် ဘဏ္ဍာရေး အရာရှိများ ဆွေးနွေးပွဲကို တိုကျိုမြို့တွင် မတ် ၁၄ ရက်က ပြုလုပ်ခဲ့ကြသည်။
နှစ်နိုင်ငံ ဆွေးနွေးညှိနှိုင်းမှု ၁၀ ကြိမ်မြောက် ပြုလုပ်ခြင်းလည်းဖြစ်သည်။ ဆွေးနွေးပွဲအစပိုင်းတွင် ဂျပန်ဘဏ္ဍာရေးဝန်ကြီး ကာတာယာမာ ဆတ်ဆူကီက အရှေ့အလယ်ပိုင်းဒေသ အခြေအနေများနှင့် ပတ်သက်၍ ၎င်း၏စိုးရိမ်ပူပန်မှုကို ထုတ်ဖော်ပြောကြားခဲ့သည်။ စွမ်းအင်နှင့် ဘဏ္ဍာရေးဈေးကွက် အခြေအနေတိုးတက်မှုများကို ဂျပန်နိုင်ငံကအနီးကပ် စောင့်ကြည့်နေကြောင်း ၎င်းက ပြောသည်။ ဟော်မုဇ်ရေလက်ကြားကိုဖြတ်၍ ရေကြောင်းပို့ဆောင်ရေးသည် ဂျပန်၊ တောင်ကိုရီးယားနှင့် အခြားသောအာရှနိုင်ငံများအတွက် စွမ်းအင်ထောက်ပံ့မှုတည်ငြိမ်ရေးတွင် အလွန်အရေးကြီးကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
တောင်ကိုရီးယား ဘဏ္ဍာရေးဝန်ကြီး Koo Yun-cheol ကလည်း ရေနံစိမ်းဈေးနှုန်းများ မြင့်တက်နေကြောင်း ပြောကြားခဲ့သည်။ ကမ္ဘာ့စီးပွားရေးတွင် မသေချာမှုများမြင့်တက်နေပြီး နိုင်ငံများ၏အကျိုး စီပွားနှင့် ရည်ရွယ်ချက်များမှာလည်း ပိုမိုရှုပ်ထွေးလာကြောင်း ၎င်းက ဆက်ပြောသည်။ နှစ်နာရီကြာ ဆွေးနွေးပြီးနောက် အရာရှိများက ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။ မကြာသေးမီက ဂျပန် ယန်းငွေနှင့် တောင်ကိုရီးယား ဝမ်ငွေတို့ သိသိသာသာ တန်ဖိုးကျဆင်းလာမှုအပေါ် စိုးရိမ်ပူပန်ကြောင်း ဝန်ကြီးများက ကြေညာချက်တွင် ထည့်သွင်းဖော်ပြခဲ့သည်။
ငွေလဲလှယ်မှုနှုန်းများတွင် မတည်မငြိမ်ဖြစ်မှုနှင့် စနစ်ကျနမှုမရှိသည့်လှုပ်ရှားမှုများကို သင့်လျော်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟု ကတိပြုပြောကြားခဲ့ကြသည်။ ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးများတွင် နှစ်နိုင်ငံအနေဖြင့် ပိုမိုနက်ရှိုင်းစွာ ပြုလုပ်နိုင်ခဲ့ကြောင်း၊ ဆက်လက်၍ လည်း နီးကပ်စွာနှင့် လိုက်လျောညီထွေမှုရှိစွာ ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း ကာတာယာမာက ဆက်လက်ပြောကြားခဲ့သည်။
အင်န်အိတ်ချ်ကေ


