နေပြည်တော် မတ် ၂၂ 
စွမ်းအင်ဝန်ကြီးဌာနနှင့်ပူးပေါင်း၍ Standard Well (နည်းစနစ်ကျတွင်း) တူးဖော်ရန် အဆိုပြုတင်ပြထားသည့် တိုင်းရင်းသားလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့တွင် စွမ်းအင်ဝန်ကြီးဌာန၊ ရတနာခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် Standard Well (နည်းစနစ်ကျတွင်း) တူးဖော်ရန် အဆိုပြုတင်ပြထားသည့် တိုင်းရင်းသားလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဉီးစွာပြည်ထောင်စုဝန်ကြီးက ပြည်သူလူထု၏သယံဇာတအား ပြည်သူလူထုထံသို့ ပို့ဆောင်နိုင်ရန် စွမ်းအင်သယံဇာတအပါအဝင် နိုင်ငံတော်၏ သယံဇာတများနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုမှ ကာကွယ်ရန်၊ နိုင်ငံတော်၏ စွမ်းအင်လိုအပ်ချက်ကို အတတ်နိုင်ဆုံးဖြည့်ဆည်းရန်နှင့် တိုင်းရင်းသားလုပ်ငန်းရှင်များကို အားပေးအားမြှောက်ပြုရန် ရည်ရွယ်ချက်များဖြင့် Standard Well များကို ပူးပေါင်း၍တူးဖော်ရန် စီမံဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ စွမ်းအင်သယံဇာတဖြစ်သည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ဖြစ်တည်ရန် နှစ်သန်းပေါင်း ၄၀ ခန့်လိုအပ်ပါကြောင်း၊ ယခုကဲ့သို့ တန်ဖိုးရှိသော သယံဇာတအမွေအနှစ်များကို မိမိတို့နိုင်ငံတွင်နေထိုင်သော ပြည်သူများကသာ ပိုင်ဆိုင်သဖြင့် ပြည်သူများအကျိုးကိုရှေးရှု၍ စနစ်တကျ စီမံခန့်ခွဲရမည်ဖြစ်ပါကြောင်း။ 
မိမိတို့ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ထုတ်ကုန်များဖြစ်သော မော်တော်ယာဉ်သုံးဖိအားမြှင့်သဘာဝဓာတ်ငွေ့ (CNG)၊ မီးဖိုချောင်သုံးရေနံဓာတ်ငွေ့ရည်(LPG)၊ စက်သုံးဆီများနှင့် စိုက်ပျိုးရေးလုပ်ငန်းသုံး ဓာတ်မြေဩဇာများကိုလည်း အများပြည်သူအကျိုးအတွက် ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးရောင်းချပေးနေပါကြောင်း၊ အဆိုပါထုတ်ကုန်များကို အရေအတွက်နှင့် အရည်အသွေးပိုမိုမြှင့်တင်ပြီး ထုတ်လုပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အဓိကအခြေခံအကျဆုံး ကုန်ကြမ်းဖြစ်သည့် ရေနံစိမ်းကို Standard Well (နည်းစနစ်ကျတွင်း) များ တူးဖော်ခြင်းဖြင့် ပိုမိုထုတ်လုပ် ဖြည့်ဆည်းပေးနိုင်ရေး ယခုကဲ့သို့တိုင်းရင်းသားလုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံ ဆွေးနွေးခြင်းဖြစ်ပါကြောင်း၊ တိုင်းရင်းသားရေနံလုပ်ငန်းရှင်များကို နိုင်ငံတကာမှ ရေနံလုပ်ငန်းရှင်များကဲ့သို့ စနစ်တကျဖွံ့ဖြိုးတိုးတက်လာစေရန်အတွက်လည်း ရည်ရွယ်ခြင်း ဖြစ်ပါကြောင်း၊ တိုင်းရင်းသားလုပ်ငန်းရှင်များအနေဖြင့် အများပိုင်ကုမ္ပဏီများဖွဲ့စည်း၍ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်းနှင့် မိမိတို့ဝန်ကြီးဌာနတာဝန်ရှိသူများက Standard Well တူးဖော်ခြင်းဆိုင်ရာ လိုက်နာရမည့် လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့် နည်းပညာများကို ရှင်းလင်းဆွေးနွေးသွားကြမည် ဖြစ်ကြောင်း၊ သတ်မှတ်စည်းမျဉ်း၊ စည်းကမ်းနှင့် ကိုက်ညီစွာ တင်ပြလာပါက Standard Well (နည်းစနစ်ကျတွင်း) များ တူးဖော်ရန်ခွင့် ပြုပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။ 
ဆက်လက်၍ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက Standard Well တူးဖော်ခြင်းနှင့်ပတ်သက်၍ လိုက်နာရမည့်ဉပဒေ၊ စည်းကမ်းချက်များနှင့် ပတ်သက်၍လည်းကောင်း၊ နည်းပညာပိုင်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍လည်းကောင်း၊ တိုင်းရင်းသားလုပ်ငန်းရှင်များ အဆိုပြုတင်ပြထားသည်များအပေါ် စိစစ်ထားရှိမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် တိုင်းရင်းသားလုပ်ငန်းရှင်များက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးကြကာ ဒုတိယဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်