၁ အောက်တိုဘာ
စီးရီးအေကလပ် ရိုးမားအသင်းက မန်ချက်စတာယူနိုက်တက် နောက်ခံလူ စမောလင်းအတွက် နောက်ဆုံးအပြောင်းအရွှေ့ ကြိုးပမ်းမှုအဖြစ် ပေါင် ၁၃ ဒသမ ၅ သန်းနဲ့ ထပ်မံ ကမ်းလှမ်းမှု ပြုလိုက်ပါတယ်။
အသက် ၃၀ အရွယ် စမောလင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက မန်ယူကနေ ရိုးမားကို အငှားနဲ့ လာရောက်ခဲ့စဉ် အကောင်းဆုံးခြေစွမ်းနဲ့ ရိုးမားခံစစ်ပိုင်းကို ပိုမိုတောင့်တင်းအောင် အကျိုးပြုခဲ့တာ ကြောင့် ရိုးမားက အမြဲတမ်းစာချုပ်နဲ့ခေါ်ယူဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ရိုးမားနည်းပြ ပေါ်လိုဖွန်ဆီကာက အပြောင်းအရွှေ့ပြီးမြောက်ဖို့ ဘဏ္ဍာရေးသုံးစွဲမှုက အဓိက အကျဆုံးဆိုတာ နားလည်ထားပြီး ပေါင် ၁၅ သန်းထက် ပိုမိုသုံးစွဲနိုင်ဖွယ် မရှိတာကြောင့် မန်ယူဘက် ကသာ အခုပေးလိုက်တဲ့ ပြောင်းရွှေ့ကြေးကို ထပ်မံပယ်ချမယ်ဆိုရင် အခြားနောက်ခံလူ တစ်ဦးကိုသာ ပစ်မှတ်ထားတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒေးလီးမေးလ်ရဲ့ ဖော်ပြချက်အရတော့ စမောလင်းကို ရိုးမားအပြင် နည်းပြကွန်တီရဲ့ အင်တာမီလန် ကလည်း ပစ်မှတ်ထားနေပါတယ်။
စမောလင်းက မန်ယူအသင်းကို ၂၀၁၀ ခုနှစ်ကတည်းက ရောက်ရှိခဲ့ပြီး ပြီးခဲ့တဲ့ ရာသီမှာတော့ ရိုးမား အသင်းကို အငှားချခဲ့ပေမယ့် သူ့ရဲ့တောက်ပတဲ့ခြေစွမ်းတွေကြောင့်ပဲ စီးရီးအေရဲ့ တစ်နှစ်တာ အကောင်းဆုံး အသင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။
မေလဲ့သင်း