ရန်ကုန် ဩဂုတ် ၂၆

 

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ လင်းလွန်းပင် ပရိယတ္တိစာသင်တိုက်သို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဆွမ်းဆန်တော်၊ ဆီနှင့်ပဲ လှူဒါန်းပွဲကို ယနေ့ မွန်းလွဲ (၁)နာရီက အဆိုပါကျောင်း၌ ကျင်းပသည်။

 

အခမ်းအနားသို့ လင်းလွန်းပင်ပရိယတ္တိစာသင်တိုက် ပဓါနနာယကဆရာတော် ဒေါက်တာ ဘဒ္ဒန္တတိက္ခ (ဂန္တဝါစကပဏ္ဍိတ) အမှူးပြုသော သံဃာတော်(၃)ပါး ကြွရောက်‌ တော်မူကြပြီး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် တာဝန်ရှိသူများ တက်ရောက် ကြည်ညိုကြသည်။

 

အခမ်းအနားတွင် လင်းလွန်းပင် ပရိယတ္တိစာသင်တိုက် ပဓါနနာယကဆရာတော် ဒေါက်တာ ဘဒ္ဒန္တတိက္ခ (ဂန္တဝါစကပဏ္ဍိတ) ထံမှ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း အမှူးပြုသော ဌာနဆိုင်ရာ တာဝန်ရှိသူများက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်ကြီးများ ရွတ်ပွားသရဇ္ဈာယ်တော်မူသည့် ရတနသုတ်၊ မေတ္တသုတ်၊ ပုဗ္ဗဏှသုတ် ပရိတ်တရားတော်များကို နာယူကြည်ညိုတော်မူကြပြီး ဒုတိယဝန်ကြီးက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

 

ထို့နောက် လင်းလွန်းပင်ပရိယတ္တိစာသင်တိုက် ပဓါနနာယကဆရာတော် ဒေါက်တာ ဘဒ္ဒန္တတိက္ခ (ဂန္တဝါစကပဏ္ဍိတ) ထံမှ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက အနုမောဒနာတရား နာကြားကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။

 

ဆက်လက်၍ ဗဟန်းမြို့နယ်၊ စတုဘုမ္မိကကျောင်း၌ ဝါဆိုဝါကပ်တော်မူသော ဆရာတော် သံဃာတော်များနှင့် ရန်ကင်းမြို့နယ်၊ မဟာဗောဓိ ပရိယတ္တိစာသင်တိုက်၌ ဝါဆိုဝါကပ်တော်မူသော ဆရာတော် သံဃာတော်များထံ ဆွမ်းဆန်တော်၊ ဆီနှင့် ပဲ ဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကို ဆက်လက်ကျင်းပသည်။

 

ထိုသို့လှူဒါန်းရာတွင် စမ်းချောင်းမြို့နယ်၊ လင်းလွန်းပင် ပရိယတ္တိစာသင်တိုက်၌ ဝါဆိုဝါကပ် တော်မူသော သံဃာ အပါး ၂၅၀  အတွက် ဆန်အိတ် ၄၀၊ ဆီ ပိဿာ ၈၀၊ ပဲ ၁၄၄ ပိဿာ၊ ဗဟန်းမြို့နယ်၊ စတုဘုမ္မိကကျောင်း၌ ဝါဆိုဝါကပ်တော်မူသော သံဃာအပါး ၈၀ အတွက် ဆန် ၁၆ အိတ်၊ ဆီ ပိဿာ ၄၀၊ ပဲ ၄၈ ပိဿာနှင့် ရန်ကင်းမြို့နယ်၊ မဟာဗောဓိ ပရိယတ္တိ စာသင်တိုက်၌ ဝါဆိုဝါကပ်တော်မူသော သံဃာ အပါး ၉၀ အတွက် ဆန် ၁၈ အိတ်၊ ဆီ ပိဿာ ၅၀ ၊ ပဲပိဿာ ၆၀ တို့ကို ဆက်ကပ်လှူဒါန်းခဲ့သည်။

 

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၁၂) ကျောင်းတို့ကိုလည်း ဆွမ်းဆန်တော်၊ ဆီနှင့် ပဲများ ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း  သိရသည်။

 

သတင်းစဉ်