နေပြည်တော် ဒီဇင်ဘာ ၁၆
မြန်မာနိုင်ငံ၌ ဆောင်ရွက်နေသည့် ကုန်ကြမ်းယူ၊ ကုန်ချောပေး လက်ခစားလုပ်ငန်း Cutting၊ Making၊ Packaging (CMP) လုပ်ငန်းများ စစ်ဆေးရေး ဆပ်ကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဒီဇင်ဘာ ၁၆ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ CMP လုပ်ငန်းများ စစ်ဆေးရေးဆပ်ကော်တီ ဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် ဆပ်ကော်မတီဝင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ် ကိုးခုမှ CMP လုပ်ငန်းများ မြေပြင်ကွင်းဆင်း စစ်ဆေးရေးအဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများ အသင်းတို့မှ ကိုယ်စားလှယ်များက Video Concenfrence စနစ်ဖြင့် တက်ရောက်ကြသည်။
အစည်းအဝေးတွင် CMP လုပ်ငန်းများ စစ်ဆေးရေးဆပ်ကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးက CMP လုပ်ငန်းများ ကုန်ထုတ် စွမ်းအား အရှိန်အဟုန် မပျက်စေရန်၊ ကိုဗစ်-၁၉ ကြောင့် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် အလုပ်သမားများ၏ ကျန်းမာရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်ရေး ဆိုင်ရာ လမ်းညွှန်ချက်များ၊ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်စေလိုကြောင်း။
ကျန်းမာရေး ဝန်ကြီးဌာနနှင့် အလုပ်သမား ဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ရန်ကုန်၊ မန္တလေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ရှိ စက်ရုံ၊ အလုပ်ရုံများတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ဩဂုတ် ၁၈ ရက်မှ ဒီဇင်ဘာ ၁၂ ရက်အထိ ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသူ လုပ်သား ၆၄၅,၆၂၈ ဦး၊ ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသူ လုပ်သား ၃၄၄,၅၄၅ ဦးရှိပြီ ဖြစ်ကြောင်း။
CMP လုပ်ငန်းများသည် အခွန်ကင်းလွတ်ခွင့်ရရှိသည့် လုပ်ငန်းဖြစ်၍ လုပ်ငန်းရှင်များနှင့် မြန်မာနိုင်ငံသား အလုပ်သမားများအတွက် အပြန်အလှန် အကျိုးရှိစေသဖြင့် CMP လုပ်ငန်းများ စစ်ဆေးရေး ဆပ်ကော်မတီများ အနေဖြင့် မိမိလုပ်ငန်း တာဝန်များကို အလေးထား ကြပ်မတ်ဆောင်ရွက်စေလိုကြောင်း UMFCCI၊ MIA၊ MGMA နှင့် ဌာနဆိုင်ရာများ၏ ပူးပေါင်းဆောင်ရွက်မှုသည် CMP လုပ်ငန်းများအတွက် အကောင်းဆုံး မောင်းနှင်အားဖြစ်၍ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ CMP လုပ်ငန်းများ စစ်ဆေးရေး ဆပ်ကော်မတီ အတွင်းရေးမှူးနှင့် တက်ရောက်လာကြသူများက ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြကြရာ ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရသည်။
သတင်းစဉ်