မောင်သောမန

 

လူတစ်ဦးတစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာကို အခြားသူတစ်ယောက်က ဝင်ရောက်စွက်ဖက်ရင် စွက်ဖက်ခံရသူအနေနဲ့ လက်မခံနိုင်တဲ့အပြင် မဆီမဆိုင်စွက်ဖက်သူကို မကျေမနပ်ဖြစ်မယ်၊ စိတ်ဆိုးမယ်၊ ဒေါသဖြစ်မယ်၊ စိတ်ရှိလက်ရှိ ပြောလိုက်ရမှ ကျေနပ်ပါတယ်။ စွက်ဖက်သူအနေနဲ့ သိက္ခာမဲ့ရာ ရောက်တယ်။ လိပ်ပြာမသန့်ဖြစ်မယ်။ ဒါကြောင့် ကိုယ်နဲ့မသက်ဆိုင်တဲ့ သူတစ်ပါးအရေးမှာ ဝင်ရောက်မစွက်ဖက်တာကောင်းပါတယ်။ စည်းလုံးညီညွတ်တဲ့ မိသားစုတစ်စုကို သွေးခွဲစကားလာ ပြောတဲ့ လူတစ်ယောက်ဟာ ကိုယ့်အရှက်ကို ကိုယ်လုံဖို့ မချိသွား ဖြဲသလို မျက်နှာပြောင်တိုက်လုပ်ရပါ တယ်။ တကယ်တော့ သူတစ်ပါးပျက်စီးရာ ပျက်စီးကြောင်းပြောတဲ့သူဟာ ကိုယ့်မှာ အပြစ်ကင်းသလား ဆိုတာကို ဆင်ခြင်နိုင်စွမ်းအားနည်းပါတယ်။ ဒါမှမဟုတ် နောက်ကွယ်က အကြောင်းတွေကြောင့် မကောင်းမှန်းသိရက်နဲ့ လုပ်နေတာလည်း ဖြစ်နိုင်ပါတယ်။

 

ဆိုးယုတ်တဲ့အကြံ

သူတစ်ပါးမကောင်းကြောင်း၊ ပျက်စီးရာပျက်စီးကြောင်း ပြောချင်တဲ့သူဟာ ကိုယ့်မျက်ချေးကိုယ်မမြင်ဘဲ မစားရဝခမန်း ပြောတတ်ပါတယ်။ အဲဒီပုဂ္ဂိုလ်ဟာ အရှေ့တောင်အာရှရဲ့ အစွန်ဆုံးမှာရှိတဲ့ ပင်လယ်ထဲက အရှေ့တီမော သို့မဟုတ် တီမောကျွန်း နိုင်ငံလေးရဲ သမ္မတဆိုတဲ့သူပဲဖြစ်ပါတယ်။ သမိုင်းကြောင်း အစဉ်အလာမကောင်းခဲ့ တဲ့ သူနိုင်ငံနဲ့ သူ့တပ်မတော်အကြောင်းကို မသိကျိုးကျွံပြုပြီး သူတစ်ပါးနိုင်ငံနဲ့ သူတစ်ပါးတပ်မတော်ကို ပျက်စီးရာပျက်စီးကြောင်း သွေးခွဲ၊ အသံကောင်းဟစ်လိုက် တာဟာ သူ့နိုင်ငံလိုပဲဖြစ်ပါစေဆိုတဲ့ မကောင်းတဲ့ဆိုးယုတ်တဲ့အကြံအစည်နဲ့ လုပ်လိုက် တာတော့ သေချာပါတယ်။

 

“ညောင်ဦးက ကမ်းပါးပြိုတာ စမ္ပာနဂိုရ်က နွားမကြီး ပေါင်ကျိုး”ဆိုတဲ့ မြန်မာ စကားပုံတစ်ခုရှိပါတယ်။ ညောင်ဦးက ကမ်းပါးပြိုတာနဲ့ ဟိုးဝေးလံတဲ့ စမ္ပာနဂိုရ်က နွားမကြီးပေါင်ကျိုးတာဟာ ဘယ်လိုမှ မဆက်စပ်ပါဘူး။ မြန်မာနိုင်ငံရဲ့ ဒေသအချို့မှာ တပ်မတော်က သောင်းကျန်းသူတွေကို တိုက်ခိုက်နှိမ်နင်းနေတဲ့အချိန်မှာ ဟိုးအရှေ့ တောင်ဘက် ပင်လယ်ထဲက ကျွန်းနိုင်ငံငယ်လေးတစ်နိုင်ငံရဲ့ အကြီးအကဲတစ်ယောက်က မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံက တပ်မတော်သားတွေကို သွေးခွဲတဲ့စကား၊ နှိမ်ချတဲ့စကား ပြောခဲ့တာဟာ စမ္ပာနဂိုရ်က နွားမကြီးပေါင်ကျိုး လို့ အော်နေသလိုမျိုးဖြစ်နေပါတယ်။ ဒါပေမယ့် တီမောနိုင်ငံရဲ့ သမိုင်းကြောင်းကို လေ့လာကြည့်မယ်ဆိုရင် အဆက်အစပ်ရှိ လာပြန်ပါတယ်။

 

အားနည်းသည့်နိုင်ငံ

တီမောလက်စ်တေ ဒီမိုကရက်တစ်သမ္မတနိုင်ငံဟာ အရှေ့တောင်အာရှ အစွန်အဖျားမှာတည်ရှိတဲ့ ကျွန်း နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး တီမောကျွန်းရဲ့ အရှေ့ဘက်မှာ တည်ရှိ ပါတယ်။ အနောက်ဘက်မှာ အင်ဒိုနီး ရှားနိုင်ငံရဲ့ အနောက်တီမောနဲ့ တောင်ဘက်မှာ ဩစတြေးလျနိုင်ငံ ရှိပါတယ်။ တီမော ပင်လယ်ခြားပြီး တည်ရှိနေပါတယ်။ နိုင်ငံဟာ စတုရန်းမိုင် ၅၄၀၀ (ကီလိုမီတာ ၁၅၄၁၀) ကျယ်ဝန်းပြီး မြန်မာနိုင်ငံက ဒေသသေးသေးတစ်ခုစာမျှ လောက်ပဲရှိပါတယ်။ နိုင်ငံဟာ နောက်ခံသမိုင်းကြောင်းမကောင်းဘဲ လက်ရှိအခြေအနေမှာလည်း ချို့ယွင်းအားနည်းချက် တွေ များစွာရှိပါတယ်။

 

တီမောနိုင်ငံရဲ့ သမိုင်းကြောင်းမှာ ကမ္ဘာ့ဘဏ်ရဲ့ သတ်မှတ်ချက်အရ အရှေ့တီ မောနိုင်ငံရဲ့ စီးပွားရေးဟာ နိမ့်ကျပါတယ်။ ၂၀၁၅ ခုနှစ် သန်းခေါင်စာရင်းအရ အရှေ့ တီမောနိုင်ငံရဲ့ လူဦးရေဟာ ၁,၁၈၃,၆၄၃ ဦး ဖြစ်ပါတယ်။ နိုင်ငံလူဦးရေရဲ့ (၂၀) ရာခိုင်နှုန်းဟာ အလုပ်လက်မဲ့ဖြစ်တွေဖြစ်ပါတယ်။ တိုင်းပြည် လူဦးရေရဲ့ တစ်ဝက်ခန့်ဟာ စာတတ်မြောက်မှုမရှိပါဘူး။ အစိုးရရဲ့ အသုံးစရိတ်ဟာ ငွေကြေး ဖောင်းပွမှုမှာ များစွာသက်ရောက်မှုရှိပါတယ်။ နိုင်ငံသားတွေဟာ ဆင်းရဲမွဲတေမှုနဲ့ ကြုံနေရကာ အထူးသဖြင့် လယ်သမားတွေနဲ့ ငါးဖမ်းသမားတွေဟာ ကျေးလက်ဒေသတွေမှာ အနေများပါတယ်။ မြို့ပြဧရိယာမှာ အများစုဟာ ဆင်းရဲကြပါတယ်။ အမျိုးသမီးတွေဟာ အမျိုးသားတွေဆင်းရဲပြီး လုပ်အားခအလွန်နည်းတဲ့ အလုပ်တွေမှာ အလုပ်လုပ်ရပါတယ်။ ကလေးငယ်တွေဟာ ကြီးထွားမှုနှေး ကွေးပြီး အာဟာရချို့တဲ့နေကြပါတယ်။

 

ကုလတပ်စေလွှတ်

၂၀၀၁ ခုနှစ် ဩဂုတ်လ  ၃၀ ရက်နေ့မှာ အရှေ့တီမောနိုင်ငံရဲ့ ပထမဆုံးရွေး ကောက် ပွဲကို ကုလသမဂ္ဂက ကြီးမှူးပြီး ကျင်းပပေးခဲ့ပါတယ်။ ၂၀၀၂ခုနှစ် မေလ  ၂၀ ရက် နေ့မှာ ကုလသမဂ္ဂက အရှေ့တီမောနိုင်ငံရဲ့ လွတ်လပ်ရေးကို တရားဝင် အသိ အမှတ်ပြုခဲ့ပြီး အချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။ ဇာနာနာ ဂတ်စမို ဟာ အရှေ့တီမောရဲ့ ပထမဆုံးသမ္မတပါတယ်။ ၂၀၀၂ ခုနှစ် စက်တင်ဘာလ  ၂၇ ရက်နေ့မှာ နိုင်ငံအမည် အရှေ့တီမော (East Timor) ကို တီမောလက်စ်တေ (Timor-Leste)လို့ ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။ ထိုစဉ်က သမ္မတနဲ့ဝန်ကြီးချုပ်တို့အကြားမှာ မပြေလည်မှုများရှိခဲ့ပါ တယ်။

 

၂၀၀၆ ခုနှစ်မှာ အရှေ့တီမောနိုင်ငံအနောက်ပိုင်းမှ စစ်သားအများစုပါဝင်တဲ့ စစ်သားတွေရဲ့ ဆူပူအုံကြွ မှုတွေနဲ့ ဂိုဏ်းကွဲမှုတွေဖြစ်ခဲ့ပါတယ်။ တပ်တွင်းဆူပူမှု ဖြစ်ပွားရတဲ့အကြောင်းကတော့ အစိုးရက နိုင်ငံအရှေ့ပိုင်းက စစ်သားတွေကို ပိုပြီးမျက်နှာသာပေးတယ်လို့ နိုင်ငံအနောက်ပိုင်းက စစ်သားတွေက စွပ်စွဲခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် တပ်တွင်းပုန်ကုန်မှု ပဋိပက္ခတွေဖြစ်ပြီး ကြီးမားတဲ့ပြဿနာ ဖြစ်ခဲ့ရ ပါတယ်။ ၂၀၀၆ ခုနှစ် မတ်လက နိုင်ငံအနောက်ပိုင်းက စစ်သားအများစုပါဝင်တဲ့ စစ်သားတွေရဲ့ ဆူပူအုံကြွမှုတွေနဲ့ ဂိုဏ်းကွဲမှုတွေကြောင့် နိုင်ငံ လူဦးရေရဲ့ ၁၅ ရာခိုင်နှုန်းဖြစ်တဲ့ လူပေါင်း  ၁၅၅,၀၀၀ ခန့် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။ ကုလသမဂ္ဂရဲ့ ငြိမ်းချမ်းရေးတပ်တွေ စေလွှတ်ပြီး ထိန်းသိမ်းခဲ့ရပါတယ်။

 

နိုင်ငံရေးစတန့်ထွင်

၂၀၀၆ခုနှစ် မေလမှာ သမ္မတက အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်မှာ သမ္မတ ဇာနာနာဂတ်စမိုက သူ့အနေနဲ့ နောက်ထပ်သမ္မတသက်တမ်းကို တာဝန် မထမ်းဆောင်တော့ကြောင်း ပြောကြားခဲ့ပါတယ်။ ထိုကာလမှာ ဝန်ကြီးချုပ်လည်း နုတ်ထွက်ခဲ့ပါတယ်။ အဲဒီတုံးက နိုင်ငံခြားရေး ဝန်ကြီးဖြစ်ခဲ့ပြီး ယခု လက်ရှိသမ္မတက ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။ အဲဒီနောက် ၂၀၀၇ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ သမ္မတဖြစ်လာခဲ့ပါတယ်။ ၂၀၀၈ခုနှစ် ဖေဖော်ဝါရီလမှာ သမ္မတ ရာမို့စ်ဟော် တာဟာ လုပ်ကြံသတ်ဖြတ်ခံရမှုမှာ ပါဝင်ခဲ့ပြီး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါတယ်။ ဝန်ကြီးချုပ် ကတော့ မထိခိုက်ဘဲ လွတ်မြောက်သွားခဲ့တယ်။ အခြေအနေကိုထိန်းသိမ်းဖို့ ဩစတြေးလျတပ်ဖွဲ့တွေ ချက်ချင်းစေလွှတ်ခဲ့ပါတယ်။

 

ထိုစဉ်ကာလ တီမောနိုင်ငံရဲ့ မတည်မငြိမ်ဖြစ်ခဲ့တဲ့ အခြေအနေတွေကို အကြောင်းပြုလို့ အရှေ့တီမော ပြဿနာကို လက်ညှိုးထိုးပြီး မြန်မာနိုင်ငံကိုလည်း အရှေ့ တီမောလို အရေးယူသင့်ပါတယ်ဆိုတဲ့ စကားမျိုးပြောခဲ့တဲ့ မြန်မာနိုင်ငံက နိုဘယ်လ်ငြိမ်း ချမ်းရေးဆုရှင်တစ်ဦးရှိခဲ့ဖူးပါတယ်။ အခုလည်း မြန်မာနိုင်ငံကို အရှေ့တီမောလိုဖြစ်အောင် တပ်မတော်သားတွေကို သွေးခွဲစကားပြောဆိုလာတဲ့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရ တီမောသမ္မတက ဖန်တီးလာပြန်ပါတယ်။ မြန်မာနိုင်ငံပြိုကွဲ ပျက်စီးအောင် ပြုလုပ်ပြီး ကုလသမဂ္ဂတပ်ဖွဲ့တွေ၊ အနောက်အုပ်စုတွေ ဝင်ရောက်ပတ်သက်လာအောင် နိုင်ငံရေး စတန့်ထွင်လိုက်တာဖြစ်ပါတယ်။

 

အရှက်မရှိတဲ့စကား

ပုံပြင်တစ်ပုဒ်မှာ အမြီးပြတ်နေတဲ့ မြေခွေးတစ်ကောင်ဟာ ကိုယ့်အမြီးပြတ် နေတာကို ရှက်ရကောင်းမှန်း မသိဘဲ တခြားမြေခွေးတွေရဲ့ အကဲ့ရဲ့ကနေလွတ်အောင် သူ့လိုအမြီးတွေပြတ်အောင် အကြံပေးနေ တာနဲ့လည်း တူပါတယ်။ မိမိရဲ့ချို့ယွင်းချက်၊ အားနည်းချက်တွေကို ဖုံးကွယ်ထားနိုင်အောင် လူလူသူသူ အထင်ကြီးအောင်၊ ကယ်တင်ရှင်ဖြစ်သယောင် ဖန်တီးနေတာဖြစ်ပါတယ်။ သူ့နိုင်ငံမှာဖြစ်တဲ့အဖြစ်မျိုးလို မြန်မာ နိုင်ငံကိုလည်းဖြစ်စေ လိုတာကြောင့် မြန်မာနိုင်ငံက တပ်မတော်သားတွေ လက်နက်ချပြီး ပြည်သူလူထုဘက်ကရပ်တည်ဖို့ တီမော သမ္မတက အရှက်မရှိတဲ့စကား ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

 

တီမောသမ္မတဟာ သမ္မတအဆင့်နဲ့မဆီလျော်တဲ့ အရှက်မရှိတဲ့စကားတွေ ပြောခဲ့သလို သူ့ရဲ့နောက်ခံ သမိုင်းကြောင်းမှာလည်း မကောင်းတဲ့လုပ်ရပ်တွေ ရှိခဲ့ပါတယ်။ သူသမ္မတအဖြစ်မီ ၁၉၉၄ ခုနှစ်တုန်းက မြန်မာနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာပြီး သောင်းကျန်းသူနယ်မြေ ကရင် ပြည်နယ်၊ မာနယ်ပလောမှာ နေထိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံနဲ့အစိုးရအား ဆန့်ကျင်ခဲ့တဲ့သူတွေကို လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး သင်တန်းတွေ ပို့ချပေးခဲ့ပါတယ်။ ဒါကြောင့်သူဟာ မြန်မာ့နိုင်ငံရေး အခင်းအကျင်းကို အစောကတည်းကဝင်ရောက်ပြီး မြေခွေးလို အကောက်ကြံ ကြံစည်အားထုတ် နေခဲ့တဲ့သူ တစ်ယောက်ဖြစ်ပါတယ်။

 

ဒေါသဖြစ်ကြရ

ဒီလောက်ဆိုရင် တီမောနိုင်ငံရဲ့ နောက်ခံသမိုင်းကြောင်းအကျဉ်းနဲ့ တီမောသမ္မတရဲ့ အကြံအစည်ကို ရိပ်စားမိလောက်ပြီဖြစ်ပါတယ်။ တီမောသမ္မတမသိသေးတဲ့ အချက်ကတော့ မြန်မာနိုင်ငံရဲ့ နောက်ခံ သမိုင်းကြောင်းကို မလေ့လာဘဲ အရည်မရအဖတ်မရ ငပေါကြီးဖြစ်အောင် ပြောခဲ့တာဖြစ်ပါတယ်။ နောက်တစ်ခုက စုတ်ပြတ် နေတဲ့ သူ့နိုင်ငံအတ္ပက် အနောက်နိုင်ငံတွေရဲ့ ထောက်ပံ့မှုကို ရမလားဆိုပြီး လေလည်ပြတာ လည်း ဖြစ်နိုင်ပါတယ်။ ဘယ်သမ္မတမှ မလုပ်ဘူးတဲ့ အလုပ်ကိုလုပ်ပြလိုက်လို့ နိုင်ငံ တကာမှာ ဟီးရိုးဖြစ်လာမလားလို့ စိတ်ကူးယဉ်တာလည်း ဖြစ်နိုင်ပါတယ်။ သမ္မတဆိုတဲ့ ဂုဏ်သိက္ခာကို မထောက်ထားဘဲ သူတစ်ပါးနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာ၊ သူတစ်ပါးနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးစော်ကားတာဖြစ်လို့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေအနေနဲ့ ဒေါသ ဖြစ်ကြရပါတယ်။         

 

မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတချို့ ဖြစ်နေတဲ့ကာလအတွင်း စစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ တပ်မတော်ကို သွေးခွဲတဲ့လုပ်ရပ်တွေကို ပြုလုပ်နေကြတာဟာ သူတင်မကပါဘူး။ အခြေမလှတဲ့ သောင်းကျန်းသူတွေက လုပ်တာတစ်မျိုး၊ အမျိုး သားသစ္စာဖောက်တွေက လုပ်တာတစ်ဖုံ၊  အထူးသဖြင့် ပြည်ဖျက်မီဒီယာတွေက အမျိုးမျိုးပုံဖျက် လုပ်နေကြတာတသွယ်၊ အခုပဲ တပ်မတော်ကြီး ပြိုကွဲသွား တော့မယောင်၊ တိုင်းပြည်ကြီး ပြိုလဲသွားတော့မလို စိတ်ပျက်စရာသတင်းတွေ ခဏခဏတွေ့မြင်ကြား သိ နေရပါတယ်။ အခု မြန်မာ့တပ်မတော်က တပ်မတော်သားတွေကို လက်နက်တွေစွန့်လွှတ်ပြီး ပြည်သူ့ရင်ခွင်ကို ခိုလှုံပါဆိုတဲ့ ရီစရာပျက်လုံးစကားကို ပြောလိုက်တာဟာ ပေါင်ကျိုးနွားမကြီး အော်တာထက်တောင် ဆိုးနေပါတယ်။

 

ရန်မှန်သမျှတွန်းလှန်

ဘယ်လိုပဲအော်နေအော်နေ အင်အားတောင့်တင်းခိုင်မာပြီး စည်းလုံးညီညွတ်စွာ ရပ်တည်လျက်ရှိတဲ့ အစဉ်အလာကြီးမားတဲ့ မြန်မာ့တပ်မတော်သားတွေဟာ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်နဲ့ တိုင်းပြည်ကို သစ္စာရှိစွာ ကာကွယ်စောင့်ရှောက်နေ ကြသူတွေဖြစ်ပါတယ်။ ဆွမ်းဆန်စိမ်းထဲ ကြွက်ချေးရောသလို အစွန်းအထင်တွေလည်း ရှိတတ်ပါတယ်။ သိုးဖြူတစ်အုပ်မှာ သိုးမည်းတစ်ကောင်ပါလာတတ်သလို တပ်မတော်အပေါ် သစ္စာဖောက်တဲ့သူအချို့ ရှိတတ်ပါတယ်။ တပ်မတော်ကို သစ္စာဖောက်ဖျက်ခဲ့တဲ့ ရဲဘော် သုံးကျိပ်ဝင် တပ်မှူးကြီးတစ်ဦးဟာ သမိုင်းမှာမထင်မရှား တိမ်မြုပ်ကွယ်ပျောက် ခဲ့ရပါတယ်။ အခြားအဆင့်ဆိုလျှင်လည်း သစ္စာဖောက်သူတို့ သွားရာလမ်းအတိုင်း သွားကြရတဲ့ ရာဇဝင်ရှိပါတယ်။ တပ်မတော်ဟာ ဘယ်သူခွဲခွဲသွေးမကွဲဘဲ ပြည်တွင်းပြည်ပ အရန်စွယ်အန္တရာယ် မှန်သမျှကို  ပြောင်မြောက်စွာ တွန်းလှန်နိုင်ခဲ့ပါတယ်။

 

ဒီလိုလုပ်ခဲ့တာဟာလည်း သူ့ရဲ့ဖြစ်စဉ်နဲ့ သူ့နိုင်ငံရဲ့ နောက်ခံသမိုင်းကြောင်းတွေအပေါ်မှာ အကြောင်း ခံပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာနိုင်ငံကိုချစ်တဲ့ မြန်မာနိုင်ငံသူနိုင်ငံသားတွေနဲ့ တပ်မတော်သား တွေဟာ နွားမပေါင်ကျိုးကြီး သို့မဟုတ် အမြီးပြတ် မြေခွေးကြီးအဖြစ်ကို သိလိုက်ရရင် ဟားတိုက် ရယ်မောကြမှာဖြစ်ပါတယ်။ မဆီမဆိုင် မိမိနိုင်ငံကို ဝင်ရောက်စော်ကားတဲ့လုပ်ရပ်ကို ဒေါသဖြစ်ကြမှာ အမှန်ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခုလို မြန်မာနိုင်ငံနဲ့ မြန်မာ့တပ်မတော်သားတွေကို သွေးခွဲရန် တိုက်ပေးတဲ့၊ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တဲ့၊ မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ထိပါးစော်ကားတဲ့ အနှီသမ္မတကို ဝိုင်းဝန်းရှုတ်ချ ကန့်ကွက်ကြရမှာ ဖြစ်ပါတယ်။

 

သံတမန်နှင်ထုတ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တီမောနိုင်ငံနဲ့ သံတမန်ဆက်ဆံရေး ရပ်တန့်ပြီး သံအရာရှိကို မြန်မာနိုင်ငံမှ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁ ရက်နေ့က နောက်ဆုံးထား ထွက်ခွာခိုင်းခဲ့တာကို အားလုံး ကြားသိကြရမှာ ဖြစ်ပါတယ်။ အဲဒီတုံးကလည်း အရှေ့တီမောနိုင်ငံအနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်း မှာရော၊ အာဆီယံအသိုင်းအဝိုင်းမှာ ပါ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ မဟုတ်မမှန်သတင်းတွေ၊ တစ်ဖက်သတ်စွပ်စွဲချက်တွေ စွပ်စွဲပြောဆိုခဲ့ပါတယ်။ ဒါကြောင့် လိုအပ်တဲ့သံတမန်ရေးအရ တုံ့ပြန် ဆောင်ရွက်ခဲ့ပါတယ်။ ဒီနိုင်ငံအနေနဲ့ မြန်မာနိုင်ငံရော၊ မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့ ဂုဏ်သိက္ခာ၊ အချုပ် အခြာအာဏာကိုပါ ထိပါးလာတာဖြစ်တဲ့အတွက် အရေးယူ ဆောင်ရွက်ရခြင်းဖြစ် တယ်။ သမ္မတ ရာမို့စ်ဟော်တာဟာ ၂၀၀၇ ခုနှစ် စက်တင်ဘာလကတည်းက အာဆီယံမှာ တင်းပြည့်အဖွဲ့ဝင်ဖြစ်ဖို့ ကြိုးခဲ့သော်လည်းပဲ ၂၀၂၂ ခုနှစ် မေလ  ၂၀ ရက်နေ့ ၎င်းနောက်ထပ်သမ္မတ သက်တမ်းတိုး ပြီးတာ တောင် တင်းပြည့်အဖွဲ့ဝင် မဖြစ်သေးပါဘူး။

 

ဆိုးညစ်ယုတ်မာ

တပ်မတော်သားတွေကို အဓိက သတင်းစကားပါးထားတဲ့ သွေးခွဲတဲ့ရုပ်သံဖိုင်ကို NUG အကြမ်းဖက် အဖွဲ့ကနေတစ်ဆင့် တီမောသမ္မတက မျှဝေဖန်တီးပေးလိုက်တာ ဖြစ်ပါတယ်။ ရုပ်သံဖိုင်မှာ နိုင်ငံတကာအသိုင်းအဝိုင်း တွေအနေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို ဒဏ်ခတ်ပိတ်ဆို့ဖို့လည်း ထပ်မံတိုက်တွန်းထားပါတယ်။ မကြာခင် ကူးပြောင်းတော့မယ့် ၂ဝ၂၄ ခုနှစ်မှာ မြန်မာပြည်သူတွေ ဒီမိုကရေစီနဲ့ လွတ်လပ်ခြင်းတွေပြန်ရဖို့ ဝိုင်းဆုတောင်းပေးနေတယ်လို့လည်း သမ္မတ ဟိုဆေးရာမို့ ဟော်တာက သူတော်ကောင်းယောင်ဆောင်ပြီ ပြောခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စာရေးသူ အမြင်အနေနဲ့ ပြောရမယ်ဆိုရင် တီမောသမ္မတဟာ သူ့နိုင်ငံရဲ့အဖြစ်မျိုးလိုပဲ မြန်မာနိုင်ငံကို ဖြစ်စေလိုတဲ့ ဆိုးညစ်ယုတ်မာတဲ့ အကြံအစည်နဲ့လုပ်ဆောင်ခဲ့တဲ့ အမြီးပြတ်မြေခွေး သို့မဟုတ် ပေါင်ကျိုးနွားမကြီးလို့ ဆိုလိုက်ချင်ပါတယ်။          ။