ညောင်ဦးဖီး

ဓာတ်ပုံ-ဥဿာ

 

ခေတ်သစ်ဆေးပညာတွင် ကျန်းမာရေးသိပ္ပံ၊ ဇီဝဆေးပညာသုတေသနနှင့် ကျန်းမာရေးနည်းပညာတို့ကို အခြေပြု၍ ဆေးပေးခြင်း၊ ခွဲစိတ်ခြင်းနှင့် အခြားကုသမှုနည်းလမ်းတို့ဖြင့် ထိခိုက်မှုဆိုင်ရာ၊ ရောဂါဗေဒဆိုင်ရာတို့ကို ဆန်းစစ်မှုနှင့် ကုသရန် အသုံးပြုလာခဲ့ကြသည်။ ဆေးပညာ၏ ဖခင်ကြီးဖြစ်သော ဟစ်ပိုကရေးတီး (Hippocrates) က ဆရာဝန်များလိုက်နာရန် ကျင့်ဝတ်နှင့်ကျမ်းကျိန်လွှာဖြစ်သော ဟစ်ပိုကရေးတစ် အုတ်သ် (Hippocratic Oath) ကို စတင်မိတ်ဆက်ခဲ့သူဖြစ်ပြီး ယနေ့တိုင် ထိုကျမ်းကျိန်လွှာကို အသုံးပြုလျက်ရှိသည်။

 

ရှေးခေတ် ဆေးပညာလောကတွင် ဂရိသမားတော် ဂေလင် (Galen) သည် ဦးနှောက်ခွဲစိတ်ခြင်း၊ မျက်စိခွဲစိတ်ခြင်းနှင့် အခြားသော ခွဲစိတ်မှုတို့ဖြင့် ရောမခေတ်တွင် ခွဲစိတ်ဆရာဝန်တစ်ဦးအဖြစ်နာမည်ကြီးခဲ့သည်။ ရောမခေတ်တွင် ခွဲစိတ်ကုသသူကို နတ်ဘုရားသဖွယ် အလေးအမြတ် သူကောင်းပြုခဲ့ကြသည်။ ဆေးပညာယူဆချက်များသည် အတွေ့ အကြုံပေါ်တွင် အခြေခံသည့် ဆေးပညာအဖြစ် ရာစုအလိုက် အသွင်ကူးပြောင်းခဲ့ပြီး ကမ္ဘာတစ်ဝန်းတွင် စမ်းသပ် လုပ်ဆောင်မှုနှင့်    သုတေသနလုပ်ငန်း များသည် လူသားတို့၏အသက်ကို ကယ်ဆယ်ရန်၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့်   ရောဂါကြိုတင် ကာကွယ်ရေးအတွက် ဆေးပညာရပ်များ ပိုမိုဖွံ့ဖြိုး တိုးတက်ကောင်းမွန်ရန် အပြိုင်အဆိုင် စမ်းသပ် ဖော်ထုတ်ခဲ့ကြသည်။ ထိုသို့ စမ်းသပ်ဖော်ထုတ်မှု ဖြင့် ခန္ဓာကိုယ်အတွင်းနှင့်  အရိုးပိုင်းဆိုင်ရာ အစားထိုးခွဲစိတ်ကုသမှုသည် နိုင်ငံတစ်နိုင်ငံ၏ ဆေးပညာရပ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု သင်္ကေတ တစ်ခုအဖြစ် ဂုဏ်ယူဝင့်ကြွားစွာ ထုတ်ဖော်ပြသ ကြလေ့ရှိသည်။

 

နိုင်ငံတော်ကာကွယ်ရေး စွမ်းပကားမြင့်မားမှုတွင်

 

အရိုးရောဂါဘာသာရပ်သည် မြန်မာ့တပ်မတော် ဆေးပညာနယ်ပယ်တွင်လည်း အရေးပါသောကဏ္ဍမှ ရပ်တည်လျက်ရှိပြီး ဆေးပညာရပ်ဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြိုးပမ်းဆောင်ရွက်မှု အခန်းကဏ္ဍသည် အထူးအရေးပါ လျက်ရှိသည်။ ထို့ကြောင့် နိုင်ငံတစ်ဝန်းတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် တပ်မတော်သား အရိုးပါရဂူများနှင့် ချိတ်ဆက်စုစည်း၍ နိုင်ငံတကာမှ ဆေးပညာရှင်များနှင့်ဆက်သွယ်ကာ Conti-nuing Medical Education တစ်ရပ်အနေဖြင့် နောက်ဆုံးပေါ်အယူအဆနည်းပညာများ၊ နည်းစနစ်များကိုသိရှိစေမည့် နိုင်ငံတကာအဆင့် တပ်မတော် ဆေးပညာ နှီးနှောဖလှယ်ပွဲကြီးကို မကြာမီ ကျင်းပတော့မည်ဖြစ်သည်။

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော် ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၂၀) သင်တန်းဆင်းပွဲတွင် “တိုက်ပွဲဝင်စစ်သည်တိုင်း ကျန်းမာကြံ့ခိုင်ပြီး စိတ်ဓာတ်မြင့်မားနေမှသာ နိုင်ငံတော်ကာကွယ်ရေးကို ကျေပွန်စွာ ထမ်းဆောင်နိုင်မှာဖြစ်လို့ ရဲဘော်တို့လို တပ်မတော်အရာရှိ ဆရာဝန်တွေရဲ့ ကျွမ်းကျင်မှုနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေဟာ နိုင်ငံတော်ကာကွယ်ရေး စွမ်းပကား မြင့်မားရေးအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူပြုလျက်ရှိတယ်ဆိုတာကို ရဲဘော်တို့ သိရှိနားလည်ထားဖို့ လိုမှာဖြစ်တယ်”ဟု လမ်းညွှန်မှာကြားခဲ့သည်။

 

တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့သည် တပ်မတော်နှင့် ပြည်သူအတွက် အရိုးပိုင်းဆိုင်ရာ အသားအစား ထိုးခွဲစိတ်ကုသမှု အဆင့်အတန်းကို မြှင့်တင်နိုင်ခဲ့ပြီး တပ်မတော်၏ တိုက်ခိုက်ရေးစွမ်းရည်နှင့် စွမ်းအားကို တစ်ဖက်တစ်လမ်းမှ တိုးမြင့်လာစေရန် အထောက်အကူအဖြစ်ရည်ရွယ်၍ အားသွန်ကြိုးပမ်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်ကာကွယ် ရေးစွမ်းပကားမြင့်မားမှုတွင် ကုသရေးပိုင်းသည် အထူးအရေးပါလျက်ရှိပြီး တပ်မတော် အရိုးရောဂါ ပညာဌာန၏ အရိုးရောဂါခွဲစိတ်မှုပညာရပ်သည် အထောက်အကူပြုလျက်ရှိရာ နိုင်ငံတကာအဆင့် အသားအစားထိုးခွဲစိတ်မှုနယ်ပယ်သို့ တက်လှမ်း လာသော စွမ်းဆောင်ရည်ဖြင့် တပ်မတော်ဆေး ဝန်ထမ်းတပ်ဖွဲ့၏ဂုဏ်ကို မြှင့်တင်ပေးလျက်ရှိသည်။

 

မျက်ခြည်မပြတ် လေ့လာဆည်းပူး

 

တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များသည် ဆေးပညာရပ်ပိုင်းသာမက တပ်မတော်၏ စစ်ရေးဆိုင်ရာ၊ အုပ်ချုပ်ရေးဆိုင်ရာ၊ စည်းရုံးရေးဆိုင်ရာများကို လေ့ကျင့်ဆည်းပူး၍ အရည်အချင်းပြည့်ဝသော တပ်မတော်သားများအဖြစ် နိုင်ငံနှင့် ပြည်သူကို အလုပ်အကျွေးပြုခဲ့ကြသည်။ တပ်မတော် ဆေးဘက်ဆိုင်ရာ ပညာသင်ကျောင်းသည် ဆေး ဝန်ထမ်းတပ်ဖွဲ့ဝင်များအတွက် လေ့ကျင့်ရေး သင်တန်းများသင်ကြားရန် ဗဟိုဌာနကြီးသဖွယ်တည်ရှိနေပြီး အဆင့်မြင့်ဆေးပညာရပ်များဖြင့် နိုင်ငံတကာနှင့်ရင်ပေါင်တန်းနိုင်ရန် အစဉ်ကြိုးပမ်း လျက်ရှိသည်။

 

တပ်မတော်ဆေးတက္ကသိုလ်မှ ဆေးပညာဘွဲ့ ဆေးမှူးအရာရှိများ၊ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် သူနာပြုသိပ္ပံဘွဲ့ရ အရာရှိများစွာကို မွေးထုတ်ပေးနိုင်ခဲ့သည့်အပြင် နိုင်ငံတကာအဆင့်မီ သူနာပြုသိပ္ပံဘွဲ့ သင်တန်းများကိုလည်း ဖွင့်လှစ်ပေးနိုင်ခဲ့သည်။ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့သည် ခေတ်မီတိုးတက်သော ကမ္ဘာ့ဆေးပညာရပ်များကို မျက်ခြည်မပြတ် လေ့လာဆည်းပူးလျက်ရှိပြီး ယနေ့ IT နည်းပညာခေတ်တွင် ဖွံ့ဖြိုးဆဲ နိုင်ငံများအကြား တပ်မတော်ဆေးဝန်ထမ်း တပ်ဖွဲ့၏ ဆေးပညာဂုဏ်သတင်းဖြင့် ထွန်းလင်းစေလျက်ရှိသည်။

 

 အနာဂတ်လင်းရောင်ခြည်များအဖြစ်

 

မြန်မာနိုင်ငံတွင် (၂၉)ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာ နှီးနှောဖလှယ်ပွဲအကြို နိုင်ငံတကာအဆင့် အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ် မေလ ၅ ရက်နှင့် ၆ ရက်နေ့တို့တွင် အရိုး ရောဂါပညာဌာနက ဦးဆောင်ကြီးမှူး၍ ပြည်တွင်း၊ ပြည်ပမှ ဆေးပညာရှင်များနှင့်ပူးပေါင်းကာ “AO PRINCIPLE OF FRACTURE FIXATION BASIC COURSE” ခေါင်းစဉ်ဖြင့် မင်္ဂလာဒုံအရိုးရောဂါ အထူးကုဆေးရုံကြီး (ခုတင်-၅၀၀) သူရ မွန်ထော် သက်ညွန့်ခန်းမ၌ အတိုင်ပင်ခံ အရိုးခွဲစိတ်ပါရဂူ ဒုတိယဗိုလ်မှူးကြီး ဟိန်းလတ်ဝင်းက ဦးဆောင် ကျင်းပခဲ့သည်။

 

(၂၉) ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာ နှီးနှောဖလှယ်ပွဲကြီးကိုလည်း မေလ ၉ ရက်မှ ၁၁ ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် အရိုးရောဂါအထူးကုဆေးရုံကြီး ခုတင် (၅၀၀)တွင် ပြည်ပမှ ဆေးပညာရှင်များနှင့် ပြည်တွင်း တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့မှ ဆေးပညာရှင်များ၊ အရပ်ဘက် ဆေးပညာရှင်များပူးပေါင်း၍ တပ်မတော်အရိုးရောဂါ ပညာဌာနက ဦးဆောင်ကျင်းပနိုင်ခဲ့သည်။ အကြိမ်(၃၀)မြောက် နိုင်ငံတကာ အဆင့် မြန်မာ့တပ်မတော် ဆေးပညာနှီးနှောဖလှယ်ပွဲအကြို အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ် စက်တင် ဘာ ၂၆ ရက်နှင့် ၂၇ ရက်နေ့တို့တွင် မင်္ဂလာဒုံမြို့နယ် တပ်မတော်ဆေးတက္ကသိုလ် သက်မဲ့ခန္ဓာ ခွဲစိတ် ကုသလေ့ကျင့်ရေးခန်းမဆောင်တွင် ပြည်တွင်း၊ ပြည်ပမှ ဆေးပညာရှင်များဖြင့် ပထမဆုံးသော ဆေးပညာအထောက်အကူပြုရုပ်ဝတ္ထု (Silent Mentor)ကို အသုံးပြု၍ “Flap Surgery in Combat Medical Care” ခေါင်းစဉ်ဖြင့် အသားအစားထိုး ခွဲစိတ်လေ့ကျင့်ဆွေးနွေးမှုကို တပ်မတော် ဆေးတက္ကသိုလ် အရိုးရောဂါပညာဌာနမှ ပါမောက္ခ/ ဌာနမှူး၏ ဦးဆောင်ဦးရွက်မှုနှင့်အတူ အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။

 

ထိရောက်အောင်မြင်စွာကုသနိုင်မည့် ဆေးပညာရပ်များကို ရရှိစေ

 

အကြိမ်(၃၀)မြောက် နိုင်ငံတကာအဆင့် တပ်မတော်ဆေးပညာ နှီးနှောဖလှယ်ပွဲအကြို အလုပ်ရုံဆွေးနွေးပွဲတွင် တပ်မတော်အရိုးရောဂါ အထူးကုဆေးရုံကြီး(ခုတင်-၅၀၀) နှင့် တပ်မတော် ဆေးသုတေသနတပ်မှ တပ်မှူးကြီးများ၊ တပ်မတော် အရိုးရောဂါ အငြိမ်းစားပါမောက္ခတပ်မှူးကြီးများ၊ တပ်မတော်အရိုးရောဂါနယ်ပယ်မှ ပါရဂူကြီးများ နှင့် တပ်မတော်အရိုးရောဂါဆရာဝန်များ၊ ဖိတ်ကြားထားသော တပ်မှူးကြီးများ၊ ဆေးတက္ကသိုလ်(၁)၊(၂)၊ ဆေးတက္ကသိုလ်(မန္တလေး)၊ (မကွေး)တို့မှ ပါမောက္ခများနှင့် ဘွဲ့လွန်ကျောင်းသားများ၊ အိန္ဒိယနိုင်ငံမှ လက်ပိုင်းဆိုင်ရာကုသမှုတွင် ထင်ရှားကျော်ကြားသော ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာ မိုဟစ်ရှားမားနှင့် တပ်မတော်မှ ပါရဂူကြီးများ စုစုပေါင်း ၁၅၀ ခန့် တက်ရောက်ခဲ့ကြသည်။ ပြည်တွင်း၊ ပြည်ပမှ အတွေ့အကြုံရင့်ကျက်သော ပါမောက္ခကြီးများကိုယ်တိုင် ဆေးပညာအထောက် အကူပြုရုပ်ဝတ္ထု (သက်မဲ့ခန္ဓာ) ဖြင့် ပြုပြင်အစားထိုး ခွဲစိတ်ကုသမှုနည်းစနစ်များကို လက်တွေ့သင်ကြားပေးခဲ့ရာ လူနာတို့၏ အရိုးရောဂါပိုင်းဆိုင်ရာ ခွဲစိတ်မှုကို အပြည့်အဝကုသနိုင်မည့်အပြင် လူနာများအား အသားအစားထိုးခွဲစိတ်ကုသမှုကို ထိရောက်အောင်မြင်စွာ ကုသနိုင်မည့် ဆေးပညာရပ်များကို ရရှိစေသည်။

 

အိန္ဒိယနိုင်ငံ ဆေးတက္ကသိုလ်များတွင် ဆေးပညာ အထောက်အကူပြု ရုပ်ဝတ္ထုကိုအသုံးပြု၍ လက်တွေ့ လေ့ကျင့်သင်ကြားခြင်းသည် ခန္ဓာဗေဒဆိုင်ရာ ကုသရေးပိုင်းတွင် ထိရောက်သောအကျိုးကျေးဇူး ကို ရရှိစေလျက်ရှိပြီး လူသားတို့၏ အသက်ပေါင်း များစွာကို ကယ်တင်နိုင်လျက်ရှိကြောင်း သိရသည်။

 

တပ်မတော်၏ ဆေးပညာသမိုင်းကို တစ်ခေတ်ဆန်းသစ်စေ

 

တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့သည် အရိုးရောဂါ အသားအစားထိုး ခွဲစိတ်ကုသမှုတွင် စွမ်းဆောင်ရည်မြင့်မားလာမှုကို ပြသနိုင်ခဲ့ပြီး တပ်မတော်ဆေးတက္ကသိုလ် အရိုးရောဂါပညာဌာနအနေဖြင့် ပထမဆုံးအကြိမ် ဆေးပညာအထောက် အကူပြုရုပ်ဝတ္ထုကို အသုံးပြု၍ ပြည်ပမှ ဆေးပညာရှင်များဖြင့် လက်တွေ့လေ့ကျင့်သင်ကြားပေးနိုင်မှုသည် တပ်မတော်နှင့် တပ်မတော်၏ဆေးဘက်ဆိုင်ရာ မိတ်ဖက်နိုင်ငံများ၊ အရပ်ဘက်အရိုးရောဂါ နယ်ပယ်များ စုပေါင်းအင်အား၊ စုပေါင်းစွမ်းအားဖြင့် ပူးပေါင်းစွမ်းဆောင်နိုင်မှုကို ထုတ်ဖော်ပြသလိုက်ခြင်းပင်ဖြစ်သည်။

 

ဆေးပညာအထောက်အကူပြု ရုပ်ဝတ္ထုကို အသုံးပြု၍ ခွဲစိတ်ကုသမှုပညာရပ်များကို လေ့ကျင့်သင်ကြားနိုင်ခြင်းသည် ဆေးဘက်ဆိုင်ရာ ကျောင်းသားများနှင့် အရိုးရောဂါခွဲစိတ်ဆရာဝန်များ အပါအဝင် ခွဲစိတ်ပညာကို လေ့လာသူများ အနေဖြင့် လူသားတို့၏ အသက်ပေါင်းများစွာကို ကယ်တင်နိုင်မည့် ခွဲစိတ်ပိုင်းဆိုင်ရာ ဆေးပညာရပ်များအဖြစ် တပ်မတော်ဆေးပညာ၏သမိုင်းကို တစ်ခေတ် ဆန်းသစ်စေမည် ဖြစ်ပါသည်။

 

ဆေးပညာအထောက်အကူပြု ရုပ်ဝတ္ထုများဖြင့်

 

ကမ္ဘာ့နိုင်ငံအသီးသီးရှိ ဆေးတက္ကသိုလ်များတွင် ဘွဲ့ကြိုနှင့် ဘွဲ့လွန်သင်တန်းသားများအတွက် လှူဒါန်းထားသော ဆေးပညာအထောက်အကူပြုရုပ်ဝတ္ထုများကို အသုံးပြု၍ လေ့ကျင့်သင်ကြားနိုင်ရန် သက်မဲ့ခန္ဓာအသုံးပြု ခွဲစိတ်လေ့ကျင့်သင်ကြား ရေးစင်တာ (Soft Cadaveric Surgical Skills Training Centre) ကို ဖွင့်လှစ်သင်ကြားပေးလျက် ရှိသည်။

 

 ယခုအချိန်တွင် မလေးရှားနိုင်ငံရှိ University of Malaysia၊ စင်ကာပူနိုင်ငံရှိ National University of Singapore နှင့် ထိုင်းနိုင်ငံရှိ Chulalongkorn University တို့တွင် Silent Mentor Pro-Gramme ကို လုပ်ဆောင်လျက်ရှိပြီး ဂျပန်နိုင်ငံ Tokyo Medical University တွင်လည်း စဉ်ဆက် မပြတ် လေ့ကျင့်လုပ်ဆောင်လျက်ရှိသည်။ ခန္ဓာဗေဒ လေ့လာမှုနှင့် ခွဲစိတ်ကုသမှုတို့တွင် လေ့ကျင့် ဆောင်ရွက်နိုင်ရန် လှူဒါန်းထားသည့် ဆေးပညာ အထောက်အကူပြု ရုပ်ဝတ္ထုများကို သက်မဲ့ဆရာ များအဖြစ် အမည်ပေးဂုဏ်ပြုထားပြီး လေ့ကျင့်ဆောင်ရွက်မှုတွင် ဆေးပညာအထောက်အကူပြု ရုပ်ဝတ္ထုများဖြင့် လေ့ကျင့်သင်ကြားခြင်းအစီအစဉ် ဟု ခေါ်ဆိုလေ့ရှိသည်။

 

ဆေးဝန်ထမ်းတပ်ဖွဲ့၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေး

 

အဆိုပါလေ့ကျင့်သင်ကြားမှုတွင် ဆေးပညာဘွဲ့၊ ဆေးမဟာပညာသိပ္ပံဘွဲ့နှင့် ပါရဂူဘွဲ့သင်တန်းသားများအတွက် အဆင့်မြင့်ခွဲစိတ်လေ့ကျင့်သင်ကြားမှုတို့ကို အလုပ်ရုံဆွေးနွေးပွဲအသွင်ဖြင့် လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။ ဆေးတက္ကသိုလ် (မန္တလေး) တွင် ၂၀၁၆ ခုနှစ်မှစတင်၍လည်းကောင်း၊ ဆေးတက္ကသိုလ် (၁) ရန်ကုန်တွင် ၂၀၁၇ ခုနှစ်မှ စတင်၍လည်းကောင်း ဖွင့်လှစ်ခဲ့ပြီး ပြည်ပမှ ခွဲစိတ်ပညာရှင်များနှင့်ပူးပေါင်း၍ ခွဲစိတ်လေ့ကျင့်မှု တို့ကို ပုံမှန်ပြုလုပ်လျက်ရှိသည်။

 

တပ်မတော်ဆေးတက္ကသိုလ်တွင်လည်း သက်မဲ့ခန္ဓာအသုံးပြု ခွဲစိတ်လေ့ကျင့်သင်ကြားရေးစင်တာကို တည်ထောင် ဖွင့်လှစ်ခဲ့ပြီး ဆေးပညာအထောက် အကူပြုရုပ်ဝတ္ထုဖြင့် လေ့ကျင့်သင်ကြားခြင်း အစီအစဉ်ကို ဆောင်ရွက်နိုင်ပြီဖြစ်ရာ ဆေးပညာ ကျင့်ဝတ်နှင့်အညီ ခွဲစိတ်ကုသမှုများကို ပိုမိုလေ့ကျင့် သင်ကြားပေးမှုဖြင့် အရည်အသွေးပိုမိုပြည့်ဝသော တပ်မတော်သမားဇာနည်များကို မွေးထုတ်ပေးလာ နိုင်ပြီဖြစ်သည်။ သက်မဲ့ခန္ဓာများဖြင့် ခွဲစိတ်လေ့လာနိုင်ခြင်းကြောင့် ခွဲစိတ်မှုအတွေ့အကြုံနှင့် နည်းစနစ်ပိုင်းကို လက်ဆင့်ကမ်းသင်ကြားပေးနိုင်ပြီး ဆေးပညာဖွံ့ဖြိုးတိုးတက်မှု၏ ရလဒ်တစ်ခု အဖြစ် ဆေးဝန်ထမ်းတပ်ဖွဲ့၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးလျက်ရှိသည်။

 

မှန်ကန်သောသဘောထားကို ချမှတ်နိုင်ရန်

 

ဆေးပညာအထောက်အကူပြု ရုပ်ဝတ္ထုများကို အသုံးပြုရာတွင် ခွဲစိတ်ကုပညာ၊ အရိုးရောဂါပညာ၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါကုပညာ၊ သားဖွားမီးယပ်ပိုင်းဆိုင်ရာပညာရပ်များကို အကျိုး ရှိစွာ လေ့ကျင့်သင်ကြားနိုင်လျက်ရှိသည်။

 

ဘွဲ့ကြိုသင်တန်းသားများအတွက် အခြေခံ ခွဲစိတ်မှုများနှင့် လက်တွေ့အခြေခံ ပါရဂူသင်တန်း သားတို့အတွက် ရည်ရွယ်၍ ခန္ဓာဗေဒဆိုင်ရာပညာ ရပ်များကို လက်တွေ့ခွဲစိတ်လေ့ကျင့်ရန် ဆောင်ရွက် ထားရှိသည်။ ဘာသာရပ်အသီးသီးအတွက် အလုပ်ရုံဆွေးနွေးပွဲများနှင့် ဆေးပညာအထောက် အကူပြုရုပ်ဝတ္ထုများကိုအသုံးပြု၍ ခွဲစိတ်လေ့ကျင့် သင်ကြားရေး စင်တာတွင် တစ်နှစ်လျှင် နှစ်ကြိမ်မှ သုံးကြိမ်အထိပြုလုပ်ရန် လျာထားဆောင်ရွက်လျက် ရှိသည်။

 

ဆေးပညာအထောက်အကူပြုရုပ်ဝတ္ထုများနှင့် ခွဲစိတ်မှုများ စမ်းသပ်ပြုလုပ်ခြင်းဖြင့် အရိုးခွဲစိတ် ဆရာဝန်များအတွက် Knowledge၊ Skill၊ Attitude စသည့်ကဏ္ဍတို့တွင် တန်ဖိုးမဖြတ်နိုင်သော တိုးတက်မှုဖြစ်စဉ်များကို ဖြစ်ထွန်းစေသည်။ Knowledge အပိုင်းတွင် ဆေးပညာစာပေ၌ မဖော် ပြနိုင်သော အရိုးအဆစ်၊ ကြွက်သားနှင့် အကြော ပိုင်းဆိုင်ရာ ခန္ဓာဗေဒပညာရပ်များကို မျက်ဝါးထင်ထင် တွေ့မြင်သင်ကြားနိုင်ခြင်းဖြင့် အရိုး၊ အဆစ် ပြန်လည်တည်ဆောက်ခြင်းနှင့် အသား အစားထိုးပြုပြင်ခွဲစိတ်ကုသခြင်းကဲ့သို့သော ကုသမှုပိုင်းတွင် တိကျရှုပ်ထွေးပြီး ကျွမ်းကျင်မှုလိုအပ် ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။

 

Knowledge ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာ ခြင်းဖြင့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာကဏ္ဍများ ဖွံ့ဖြိုး တိုးတက်ရေး(Skills Development)ကို အထောက် အပံ့ဖြစ်ထွန်းစေသည်။ ဆေးပညာတွင် မှန်ကန်သောသဘောထားသည် အဓိကအရေးပါလျက်ရှိပြီး ထိုသို့မှန်ကန်သော သဘောထားကို ချမှတ်နိုင်ရန် လက်တွေ့လေ့ကျင့်သင်ကြားမှုပိုင်းသည် အရေး ပါလာခြင်းဖြစ်သည်။

 

စွမ်းရည်နှင့်ယုံကြည်မှုကိုတည်ဆောက်

 

ရုပ်ဝတ္ထုများဖြင့် လေ့ကျင့်သင်ကြားရာတွင် လူသားဆန်သော အတွေးအခေါ်ရှိရန်၊ လူသား တစ်ဦးကဲ့သို့ မြင်တတ်စေရန်၊ Biometric and Medical Research ဆိုင်ရာ အတွေးအခေါ်များ ပိုမိုမြင့်မားလာစေရန်၊ Medical huminity ကို ပိုမို နားလည်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး Attitude ပိုင်းဆိုင်ရာ တိုးတက်မှုကိုလည်းရရှိစေလျက်ရှိသည်။

 

အရိုးပိုင်းဆိုင်ရာကုသမှုတွင် အရိုးအစားထိုး ခွဲစိတ်ပြုပြင်ခြင်း၊ အဆစ်ပြန်လည်တည်ဆောက် ခြင်းနှင့် အသားအစားထိုး ပြုပြင်ခွဲစိတ်ခြင်းကဲ့သို့ တိကျပြီး ရှုပ်ထွေးသောကုသမှုတို့တွင် ကျွမ်းကျင်မှု ဆိုင်ရာ ဆေးပညာဖွံ့ဖြိုးတိုးတက်မှုလိုအပ်လာ သည်။ သင့်လျော်သော ခွဲစိတ်မှုနည်းလမ်းကို ရွေးချယ်ခြင်း၊ မမျှော်လင့်ထားသော နောက်ဆက်တွဲ ပြဿနာများနှင့် လိုက်လျောညီစွာ လုပ်ဆောင်ခြင်း ကဲ့သို့သော အရေးကြီးသည့် ဆုံးဖြတ်ချက်များကို ချမှတ်ရန် လက်တွေ့လေ့ကျင့်မှုသည် ဆေးပညာ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးလျက်ရှိသည်။ ရုပ်ဝတ္ထုများဖြင့် ခွဲစိတ်မှုပြုလုပ်ခြင်းသည် ခွဲစိတ် ဆရာဝန်များအတွက် စွမ်းရည်နှင့် ယုံကြည်မှုကို တည်ဆောက်ရန် ကူညီပေးလျက်ရှိပြီး လူနာများကို ခွဲစိတ်ကုသရာတွင် ထိုယုံကြည်မှုသည် မရှိမဖြစ် လိုအပ်ရာ ခွဲစိတ်လေ့ကျင့်ရာမှ ရရှိလာသော ကျွမ်းကျင်မှုသည် လူနာများ၏ အသက်ပေါင်း များစွာကို ကယ်တင်ပေးနိုင်လျက်ရှိသည်။

 

လူနာများကို ခွဲစိတ်ကုသရေးပိုင်းတွင် အရည်အသွေးမြင့် စောင့်ရှောက်မှုပေးနိုင်သည့် ခွဲစိတ်လေ့ကျင့်မှု အတွေ့အကြုံတို့သည် ကမ္ဘာ့ဆေးပညာ နယ်ပယ်တွင် အဓိကအခြေခံကျသော လေ့ကျင့်ရေးနယ်ပယ်တစ်ခုအဖြစ် ရပ်တည်လာလျက်ရှိရာ လေ့ကျင့်မှုအတွေ့အကြုံကောင်းများစွာမှ စွမ်းရည်နှင့် ယုံကြည်မှုကို တည်ဆောက်နိုင်ခြင်းကြောင့် စွမ်းရည်ပြည့်ဝသော ဆေးဝန်ထမ်းတပ်ဖွဲ့အနေဖြင့် ဂုဏ်သတင်းသည် ထွန်းလင်းတောက်ပနေမည် ဖြစ်သည်။

 

ဆေးပညာအထောက်အကူပြုရုပ်ဝတ္ထုဖြင့် ခွဲစိတ်လေ့ကျင့်နိုင်ခြင်းသည်

 

ခန္ဓာဗေဒဆိုင်ရာ အသိပညာသည် အရိုးခွဲစိတ် ကုသခြင်းနယ်ပယ်နှင့် ဆက်စပ်လျက်ရှိသည်။ လုပ်ထုံးလုပ်နည်းများ တိကျစေခြင်း၊ ရောဂါရှာဖွေခြင်း၊ လူနာဘေးကင်းခြင်းနှင့် ခန္ဓာဗေဒကွဲပြားမှု ဖြစ်စဉ်တို့ကို နားလည်စေခြင်းတို့သည် ခန္ဓာဗေဒ ဆိုင်ရာ ပညာရပ်ကျွမ်းကျင်မှုတို့ကို ပြသခြင်းဖြစ်ပြီး တစ်နည်းအားဖြင့် ခန္ဓာဗေဒဆိုင်ရာ အသိပညာသည် အရိုးခွဲစိတ်မှုတွင် ကျောရိုးတစ်ခုဖြစ်ကြောင်း သက်သေပြလျက်ရှိသည်။

 

အထူးသဖြင့် သက်မဲ့ခန္ဓာဖြင့် ခွဲစိတ်လေ့ကျင့်ခြင်းသည် ခွဲစိတ်ဆရာဝန်များအနေဖြင့် လက်တွေ့ အတွေ့အကြုံဖြင့် ခန္ဓာဗေဒပုံစံ ကွဲလွဲမှုတို့ကို ထိတွေ့ခွင့်ရရှိပြီး ယင်းတို့၏ နည်းပညာများကို ပြုပြင်မွမ်းမံမှုဖြင့် ခွဲစိတ်မှုမပြုလုပ်မီ ရှုပ်ထွေးနက်နဲ သော ခန္ဓာဗေဒအကြောင်းကို လိုက်လျောညီထွေစွာ သိရှိစေသည်။ ခွဲစိတ်မှုဆိုင်ရာ ဆုံးဖြတ်ချက်များ နှင့် အစီအမံများကို ပြုလုပ်နိုင်ခြင်းဖြင့် ဆေးပညာ နယ်ပယ်၏ ကုသရေးပိုင်းတွင် အရေးကြီးသော အခန်းကဏ္ဍကို ဆေးပညာနယ်ပယ်၌ ထုတ်ဖော် ပြသနိုင်လျက်ရှိသည်။

 

နိုင်ငံတကာနှင့်ရင်ပေါင်တန်းနိုင်မှုကို ထုတ်ဖော်ပြသ

 

ပထမအကြိမ် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ၁၉၉၀ ပြည့်နှစ် နိုဝင် ဘာလ ၃၀ ရက်နေ့မှ ဒီဇင်ဘာလ ၁ ရက်နေ့အထိ တပ်မတော် အရိုးအထူးကုဆေးရုံကြီး (ခုတင်-၅၀၀) တွင် ကျင်းပခဲ့သည်။ ၁၉၉၀ ပြည့်နှစ်မှစတင်၍ နှစ်စဉ် ဆေးပညာရပ်ဆိုင်ရာ သုတေသနစာတမ်း များ ဖတ်ကြားဆွေးနွေးခဲ့ရာ ၂၀၀၁ ခုနှစ် (၁၁)ကြိမ်မြောက်တွင် ဘာသာရပ်ဆိုင်ရာ စာတမ်း ပေါင်း ၅၄၇ စောင် ဖတ်ကြားတင်သွင်းခဲ့ပြီး သုတေသနဆိုင်ရာ ပိုစတာ ၄၁ စောင်ကို ခင်းကျင်း ပြသနိုင်ခဲ့သည်။

 

အကြိမ် (၃၀)မြောက် နိုင်ငံတကာအဆင့် ဆေးပညာနှီးနှောဖလှယ်ပွဲကြီးကို တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့နေ့ဖြစ်သည့် အောက်တိုဘာ ၁ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် အောက်တိုဘာ ၃ ရက်မှ ၅ ရက်နေ့အထိ ပြင်ဦးလွင်မြို့ အမှတ်(၁)တပ်မတော်ဆေးရုံ (ခုတင် - ၇၀၀) တွင် ပြည်တွင်း၊ ပြည်ပမှ ဆေးပညာရှင်များဖြင့် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ရာ တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့၏ သမိုင်းစာမျက်နှာတွင် ရွှေရောင်နေ့သစ်များအဖြစ် ထပ်မံပေါ်ထွန်းလာ မည်ဖြစ်သည်။

 

မြန်မာနိုင်ငံတွင် နိုင်ငံတကာအဆင့် ဆေးပညာ နှီးနှောဖလှယ်ပွဲများကို ပြည်တွင်းပြည်ပမှ ဆေးပညာရှင်များဖြင့် ကျင်းပနိုင်ခဲ့သော အောင်မြင်မှုသည် တိုက်ပွဲဝင်ဒဏ်ရာရလူနာများနှင့် ပြင်ပလူနာများကို ခွဲစိတ်ကုသရာ၌ လက်ရှိကုသမှုထက် ပိုမိုကောင်းမွန်သော Quality of Care ဖြင့် ထိရောက်အောင်မြင်စွာ ခွဲစိတ်ကုသနိုင်မည့်အပြင် အရိုးခွဲစိတ် ဆရာဝန်များအနေဖြင့် ကုသရေးပိုင်းတွင် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ပိုမိုတိုးမြှင့်လာစေမည်ဖြစ်သည်။

 

တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့အနေဖြင့် Combat Medical Care တွင် အဓိကလိုအပ်သော Flap Surgery in Combat Medical Care ဆိုင်ရာ ရှုပ်ထွေးနက်နဲသည့် အစားထိုးခွဲစိတ်ကုသမှု နည်းပညာရပ်များကို အရိုးရောဂါကုဆရာဝန်များ လက်တွေ့လေ့ကျင့်တတ်မြောက်ခြင်းသည် တိုက်ပွဲ ဝင်ဒဏ်ရာရလူနာများအား စစ်မြေပြင် ဆေးအကာ အကွယ်ဆိုင်ရာ ခွဲစိတ်ကုသမှုလုပ်ငန်းစဉ်များ နှင့် အသားအစားထိုးခွဲစိတ်ကုသမှုနယ်ပယ်သို့ တပ်မတော် အရိုးရောဂါခွဲစိတ်မှုပညာရပ်များ တိုးတက်မြင့်မားလာမှုသည် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်မှုကို ထုတ်ဖော်ပြသလိုက်ခြင်းပင် ဖြစ်သည်။

 

အောင်မြင်မှုရလဒ်ကို ဆွတ်ခူးရရှိ

 

နိုင်ငံတကာအဆင့်မီ Silent Mentor ဖြင့် ခွဲစိတ် လေ့ကျင့်သင်ကြားမှုပေးသည့် အလုပ်ရုံဆွေးနွေးပွဲ များနှင့် ဆေးပညာနှီးနှောဖလှယ်ပွဲများကို ကျင်းပ ရာ၌ ကုန်ကျစရိတ်ကြီးမြင့်ခြင်းနှင့် နည်းပညာ လိုအပ်ချက်မြင့်မားခြင်း စသည့် ကန့်သတ်ချက် များကြောင့် ဖွံ့ဖြိုးပြီး အနောက်နိုင်ငံတို့တွင်သာ ယေဘုယျအားဖြင့် ဆောင်ရွက်နိုင်ကြပြီး ဖွံ့ဖြိုးဆဲ နိုင်ငံများအနေဖြင့် လက်လှမ်းမီရန် ခက်ခဲသည်။ သို့သော် တပ်မတော်အရိုးရောဂါပညာဌာနက ဆေးပညာရှင်များကို တစ်နေရာတည်းတွင် စုဝေး ဆွေးနွေးနိုင်ရန်၊ လက်တွေ့အသုံးပြုမည့် ထောက်ပံ့ပစ္စည်းများ စုဆောင်းနိုင်မှုနှင့် Man၊ Material၊ Method ပိုင်းဆိုင်ရာ ရင်းနှီးအားထုတ်မှုတို့ဖြင့် အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပနိုင်ခဲ့ပြီး နိုင်ငံတကာ အဆင့် ဆေးပညာနှီးနှောဖလှယ်ပွဲကြီး (Main Conference) ကိုလည်း နိုင်ငံတကာအဆင့် စည်ကားသိုက်မြိုက်စွာ ကျင်းပတော့မည်ဖြစ်သည်။ ထိုသို့ကျင်းပနိုင်ရန် ဦးဆောင်ဦးရွက် ဆောင်ရွက်ရာတွင် တပ်မတော်ဆေးတက္ကသိုလ် အရိုးရောဂါပညာ ဌာန ပါမောက္ခ/ဌာနမှူး၊ အတိုင်ပင်ခံ အရိုးခွဲစိတ် ပါရဂူကြီးဦးဆောင်မှုဖြင့် ဆေးပညာရှင်အရာရှိကြီး များ၊ ပြည်ပဆေးပညာရှင်များနှင့် တွေ့ဆုံဆွေးနွေး ခဲ့ကြပြီး တပ်မတော်နှင့် အရပ်ဘက်ဆေးပညာရှင် များ ဟန်ချက်ညီညီ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှု ၏ အသီးအပွင့်တစ်ခုအဖြစ် အောင်မြင်မှုရလဒ်ကို ဆွတ်ခူးရရှိခဲ့ခြင်းပင်ဖြစ်သည်။

 

ဆေးပညာရပ်ဖွံ့ဖြိုးတိုးတက်မှုသည် သုတေသနနှင့် အလုပ်ရုံဆွေးနွေးပွဲများပေါ်တွင်မူတည်

 

အကြိမ်(၃၀)မြောက် နိုင်ငံတကာအဆင့် ဆေးပညာနှီးနှောဖလှယ်ပွဲကို ပြင်ဦးလွင်မြို့ အမှတ်(၁) တပ်မတော်ဆေးရုံ (ခုတင်-၇၀၀) တွင် အောက်တိုဘာ ၃ ရက်မှ ၅ ရက်နေ့အထိ ပြည်ပနိုင်ငံများမှ ဆေးပညာရှင်များ၊ ပြည်တွင်း တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့မှ ဆေးပညာရှင် များနှင့် နယ်ဘက် အရိုးရောဂါဆိုင်ရာ ဆေးပညာရှင်များ၊ ပါရဂူများ၊ ဆေးပညာဘွဲ့လွန်၊ ဘွဲ့ကြိုနှင့် ပါရဂူသင်တန်းသားများ စုံလင်စွာ နိုင်ငံတကာအဆင့် စုစည်းကျင်းပသွားမည် ဖြစ်ရာ မြန်မာ့တပ်မတော်ဆေးပညာ၏ စွမ်းရည် မြင့်မားမှုကို ကမ္ဘာသို့ ထုတ်ဖော်ပြသနိုင်မည် ဖြစ်သည်။

 

အရှေ့အရပ်မှနေဝန်းကြီး ပေါ်ထွန်းလာသည့်ပမာ

 

သမိုင်းအစဉ်အလာကြီးမားသော မြန်မာ့တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက် အသက်၊ သွေး၊ ချွေးနှင့် ကိုယ်လက်အင်္ဂါတို့ကို စွန့်လွှတ်ခဲ့ကြရသည်။ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် ပြည်သူကြားမှ ပေါက်ဖွားလာသော တပ်မတော်သားများဖြစ်သည်နှင့်အညီ နိုင်ငံနှင့်လူမျိုးအတွက် စွန့်လွှတ်စွန့်စား တပ်မတော်သားများနှင့်အတူ ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များလည်း ပေးဆပ်ခဲ့ကြရသည်။

 

တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေး၊ တပ်မတော်သားများနှင့် မိသားစုဝင်များ၏ ကျန်းမာ ရေးစောင့်ရှောက်မှုနှင့် ဆေးကုသမှုများတွင် တပ်မတော်ဆေးရုံများနှင့် တပ်မတော်ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များက အဓိကအခန်းကဏ္ဍမှ ရပ်တည် လျက်ရှိသည်။ ကိုယ်ခန္ဓာအတွင်း အစားထိုးခွဲစိတ် ကုသမှုပညာရပ်များ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ အရိုးရောဂါ အသားအစားထိုးခွဲစိတ်ကုသမှုတို့တွင် တပ်မတော်အရိုးရောဂါပညာဌာနသည် နိုင်ငံတကာ စွမ်းဆောင်ရည်နှင့် အညီ မြင့်မားလာလျက်ရှိသည်။

 

တပ်မတော်ဆေးတက္ကသိုလ်သည် ထိုသို့စွမ်းဆောင်ရည်မြင့်မားသော တပ်မတော်ဆေး ဝန်ထမ်းတပ်ဖွဲ့ဝင်များကို မွေးထုတ်ပေးလျက်ရှိရာ စွမ်းရည်ပြည့်ဝသော သမားဇာနည်များ မွေးဖွား ရာမြေဟုလည်း ဆိုရမည်ဖြစ်သည်။ နိုင်ငံတကာ အဆင့် ဆေးပညာနှီးနှောဖလှယ်ပွဲများသည် သမားဇာနည် ရောင်စုံပန်းများ၏ ဥယျာဉ်မှူး များသဖွယ် ဆေးပညာမြေဆီမြေနှစ်များကို ပံ့ပိုး ပေးလျက်ရှိသည်။

 

မြန်မာ့တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့၏ အရိုးရောဂါပညာဌာနသည် အရိုးထိခိုက်ဒဏ်ရာရရှိခြင်း ပြုစုကုသမှုနှင့် ပတ်သက်၍ အတွေ့အကြုံအများဆုံးဖြစ်ပြီး အလုပ်ရုံဆွေးနွေးပွဲများတွင် ထည့်သွင်းကျင်းပသော အာဆီယံအဆင့် အရိုး ဆရာဝန်များနှင့် ပြုလုပ်သည့် Webinar ဆွေးနွေးပွဲ တို့တွင် အရိုးထိခိုက်ဒဏ်ရာရရှိခြင်းနှင့် ပတ်သက် ၍ ဦးဆောင်ကဏ္ဍမှ ဆွေးနွေးနိုင်ခဲ့ခြင်းသည် တပ်မတော်၏ဂုဏ်ကို ဆောင်နိုင်ခဲ့ခြင်းပင်ဖြစ်သည်။

 

ဆေးပညာအထောက်အကူပြုရုပ်ဝတ္ထု (သက်မဲ့ ခန္ဓာ)များကို အသုံးပြု၍ လေ့ကျင့်သင်ကြား သုတေသနပြုနိုင်ခြင်းသည် နက်ရှိုင်းသော အသား အစားထိုးခွဲစိတ်မှု ဆေးပညာရပ်များကို ပိုမိုသိရှိစေ ပြီး ကုသမှုပိုင်းစွမ်းဆောင်ရည်ကို မြှင့်တင်ပေး သည်။ နိုင်ငံတကာနှင့် ရင်ပေါင်တန်းကုသနိုင်မှုကို ပြသလိုက်ခြင်းဖြင့် ဆေးပညာရပ်များဆိုင်ရာ ဖွံ့ဖြိုး တိုးတက်လာသော မြန်မာ့တပ်မတော်ဆေးဝန်ထမ်း တပ်ဖွဲ့၏ အနာဂတ်ခရီးလမ်းသည် အရှေ့အရပ်မှ နေဝန်းကြီး ပေါ်ထွန်းလာသည့်ပမာ ထွန်းလင်း တောက်ပနေမည်ဖြစ်ပြီး ဒေသတွင်းနိုင်ငံများအကြား မြန်မာ့တပ်မတော်၏ ဂုဏ်သတင်းသည် သင်းပျံ့မွှေးကြိုင်နေမည် ဖြစ်ပါကြောင်း အကြိမ် (၃၀) မြောက် တပ်မတော်ဆေးပညာ နှီးနှောဖလှယ်ပွဲကြီးကို ဂုဏ်ပြုရေးသားတင်ပြလိုက်ရပါသည်။