စွမ်းရည်ထက်မြက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ

တွေ့ဆုံမေးမြန်းတင်ဝင်းလေး(ကြည့်မြင်တိုင်)

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ မီးငြှိမ်းသတ်နိုင်ရေး စွမ်းရည်၊ ရှာဖွေကယ်ဆယ်နိုင်ရေး စွမ်းရည်တို့မှာ များစွာ တိုးတက်မြင့်မားလာပြီး ပြည်သူအများ ယုံကြည်အားထားရသည့် တပ်ဖွဲ့ကြီးတစ်ခုအဖြစ် ဖြစ်တည်လာနေပြီဖြစ်ပါသည်။ မေလ ၅ ရက်နေ့သည် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ (၇၃) နှစ်မြောက်နေ့ဖြစ်ရာ တပ်ဖွဲ့ဝင်များက နိုင်ငံတကာအဆင့်မီ ယာဉ်/စက်ယန္တရားတို့ဖြင့် မီးငြှိမ်းသတ်မှုနှင့် ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေမှုတို့ကို မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူနှင့်တွေ့ဆုံမေးမြန်းခဲ့ပါသည်။

 

MDN

 

မေး။ ။ မီးသတ်ဦးစီးဌာနအနေနဲ့ လက်ရှိဆောင်ရွက်နေတဲ့ ရည်ရွယ်ချက်၊ ရည်မှန်းချက်တွေကိုသိပါရစေ။

ဖြေ။ ။ မီးသတ်ဦးစီးဌာနအနေနဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်ပစ္စည်းတွေ၊ နိုင်ငံတော်အတွင်းရှိ ကုန်ထုတ်အရင်းအနှီးတွေကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးဆိုတဲ့ ရည်မှန်းချက် တာဝန်လေးရပ်နဲ့ ဖွဲ့စည်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေပါတယ်။

မေး။ ။ ယနေ့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကို ခေတ်မီ မီးသတ်တပ်ဖွဲ့တစ်ဖွဲ့ ဖြစ်လာဖို့ ဘယ်လိုအစီအမံတွေနဲ့ ချမှတ်ဆောင်ရွက်ထားရှိပါသလဲ၊ တပ်ဖွဲ့ဝင်များ စွမ်းရည်တိုးတက် မြင့်မားလာအောင် ဘယ်လိုစီစဉ်မှုတွေနဲ့ ဆောင်ရွက်နေပါသလဲသိပါရစေ။

ဖြေ။ ။ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကို ခေတ်မီ မီးသတ် တပ်ဖွဲ့တစ်ဖွဲ့ဖြစ်လာစေဖို့ Men Power၊ Equipment Power၊ Technology Power ဆိုတဲ့ MET Power အားကောင်းဖို့ လိုအပ်ပါတယ်။ Men Power တိုးတက်စေဖို့အတွက် အရည်အသွေးပြည့်မီတဲ့ တပ်ဖွဲ့ဝင်အင်အားများ ဖြည့်တင်းရေး၊ ခေတ်မီ မီးငြှိမ်းသတ်ရေးနဲ့ ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ နည်းစနစ်များ၊ အတွေ့အကြုံများ၊ အသိပညာပေး ဗဟုသုတများ တိုးတက်မြင့်မားလာစေရန်အတွက် မီးသတ်တပ်ဖွဲ့ဝင်များကို ပြည်ပနိုင်ငံများမှာ ကျင်းပပြုလုပ်တဲ့ အစည်းအဝေးများ၊ သင်တန်းများ၊ ဆွေးနွေးပွဲများ၊ လေ့လာရေးခရီးစဉ်နဲ့ လေ့ကျင့်ခန်းအစီအစဉ်များကို နှစ်စဉ်တက်ရောက်စေလျက် ရှိပါတယ်။ ၁၉၆၅ ခုနှစ်မှ ယနေ့အထိ နိုင်ငံပေါင်း ၁၂ နိုင်ငံကို ပညာတော်သင် ၁၈၉ ဦး၊ နိုင်ငံပေါင်း ၂၃ နိုင်ငံမှာ ကျင်းပ ပြုလုပ်တဲ့ အခမ်းအနားတွေမှာ ကိုယ်စားလှယ် ၁၈၈ ဦး စေလွှတ်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ ကိစ္စများအတွက် နိုင်ငံတကာ အဖွဲ့အစည်းများက ကိုယ်စားလှယ်များကို ၂၁၄ ကြိမ်လက်ခံတွေ့ဆုံခဲ့ပြီး ဖြစ်ပါတယ်။

ဒါ့အပြင် Technology Power တိုးတက်စေဖို့အတွက် ဌာနတွင်းသင်တန်းများကို အဆင့်မြှင့်တင်ခြင်း၊ နိုင်ငံတကာ မီးသတ်ဌာနအဖွဲ့အစည်းများမှ ကျွမ်းကျင်ပညာရှင်များ၊ နည်းပြများနဲ့ သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပေးခြင်း၊ Japan International Cooperation Agency-JICA အစီအစဉ်နဲ့ Work on Search and Rescue and Disaster Management ကို ဂျပန်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များနဲ့ ကျင်းပပြုလုပ်နိုင်ခဲ့ပြီး ခေတ်မီမီးငြှိမ်းသတ်ရေးနဲ့ ရှာဖွေကယ်ဆယ်ရေး နည်းစနစ်များ၊ လုပ်ငန်းအတွေ့အကြုံ ဗဟုသုတများ ဖလှယ်နိုင်ခဲ့ပါတယ်။

ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်ပေးလျက်ရှိ

မီးသတ်တပ်ဖွဲ့ဝင်များရဲ့ Equipment Power  တိုးတက်စေရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက်လိုအပ်တဲ့ ယာဉ်/ စက်ပစ္စည်း ကိရိယာများ ဖြည့်တင်း ဆောင်ရွက်လျက်ရှိရာမှာ ပိုလန်နိုင်ငံအစိုးရရဲ့ ODA (Offical Development Assistance) အစီအစဉ်ဖြင့် ခေတ်မီ မီးငြှိမ်းသတ်ရေးနဲ့ ရှာဖွေကယ်ဆယ်ရေးသုံး ယာဉ်များ၊ မီးသတ် အထောက်အကူပြုယာဉ်များ၊ ငလျင်ဖြစ်စဉ်များတွင် ရှင်းလင်းဖယ်ရှားနိုင်မယ့် ယာဉ်ကြီးများ၊ ဓာတု၊ ဇီဝ၊ ရေဒီယိုသတ္တုကြွနဲ့ နျူကလီးယားဖြစ်စဉ်များအတွက် ရှင်းလင်းဆောင်ရွက်နိုင်မယ့် ယာဉ်စုစုပေါင်း ၇၅ စီးရရှိခဲ့ပြီး တိုင်းဒေသကြီး၊ ပြည်နယ်များကို ဖြန့်ခွဲထားရှိခဲ့ပြီးဖြစ်လို့ မီးငြှိမ်းသတ်ရေးနဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ယခင်ကထက် ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်ပေးလျက် ရှိနေပါတယ်

မေး။ ။ ဈေးတွေမီးလောင်တဲ့အခါ ဆုံးရှုံးမှုက ပိုများတာကိုတွေ့ရပါတယ်။ ဘာကြောင့်ပါလဲ။

ဖြေ။ ။ ဈေးဆိုတာ အမျိုးအစားမတူတဲ့ ပစ္စည်းတွေ သိုလှောင်ထားရှိတဲ့နေရာဖြစ်ခြင်း၊ တစ်ဆိုင်နဲ့တစ်ဆိုင် ထိစပ်စွာ တည်ဆောက်ထားရှိခြင်းများကြောင့် ဖြစ်ပါတယ်။ ဈေးတွေမီးလောင်ပါက မီးသတ်ကား ဝင်ရောက်ဖို့ခက်ခဲခြင်း၊ ရေရရှိရန် ခက်ခဲခြင်း၊ မီးကူးစက်မှု မြန်ဆန်ခြင်းတို့ကြောင့် မီးငြှိမ်းသတ်ရာမှာ အချိန်ကြာကြာနဲ့ ခက်ခက်ခဲခဲငြှိမ်းသတ်ရလေ့ရှိပါတယ်။ ဈေးတွေ မီးလောင်မှု မဖြစ်ပွားစေရေး၊ ဖြစ်ပွားလာပါက လျင်မြန်ထိရောက်စွာ ငြှိမ်းသတ်ရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်မီးသတ်ဦးစီးမှူးများက ဈေးရဲ့မီးဘေး လုံခြုံရေးဆိုင်ရာ စစ်ဆေးအကြံပြုချက်များကို အကြံပြုပေးပါတယ်။ သက်ဆိုင်ရာ ဈေးစည်ပင်သာယာရေး ကော်မတီများ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများကို လိုက်နာဆောင်ရွက်စေပါတယ်။ ဆောင်ရွက်ပြီးစီးမှုကိုလည်း ထပ်မံစစ်ဆေးလျက်ရှိပါတယ်။ ဈေးကြီးတွေမှာ သီးသန့်မီးသတ်တပ်ဖွဲ့ ဖွဲ့စည်းပြီး ညအချိန် မီးဘေးလုံခြုံရေးထားရှိဖို့အတွက် ညွှန်ကြား ထားပေမယ့် လိုက်နာဆောင်ရွက်မှု အားနည်းခြင်း၊ အင်အား မလုံလောက်ခြင်း၊ မီးလောင်ရင် နီးစပ်ရာ မီးသတ်စခန်းကိုချက်ချင်း အကြောင်းမကြားနိုင်ခြင်းစတဲ့ အားနည်းချက်တွေဖြစ်ပါတယ်။

မေး။ ။ မီးလောင်မှုဖြစ်စဉ်တွေမှာ အများဆုံး ဘယ်လိုကစပြီးလောင်တာများပါသလဲ။ မီးသတ်တဲ့နေရာမှာ ဘယ်လိုအခက်အခဲတွေရှိပါသလဲ၊ မီးဘေးမဖြစ်အောင် ဘယ်လိုကြိုတင် ကာကွယ်သင့်ပါသလဲ။

ဖြေ။ ။ နှစ်တစ်နှစ်ဖြစ်တဲ့ ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဒီဇင်ဘာလ ၃၁ ရက်အထိ မီးလောင်မှုနှစ်ချုပ်ကို ပြန်ကြည့်ရင် လူတွေရဲ့ ပေါ့ဆမှုကြောင့် လောင်တဲ့မီးက ၅၁ ရာခိုင်နှုန်း၊ လျှပ်စစ်မီးကြောင့် လောင်တဲ့မီးက ၄၀ ရာ ခိုင်နှုန်းလောက် ဖြစ်ပွားတာတွေ့ရပါတယ်။ ခေတ်မီတိုးတက်လာတာနဲ့အမျှ လျှပ်စစ်မီးသုံးစွဲမှုက ပိုများလာလို့ပါပဲ။ မီးငြှိမ်းသတ်ရာမှာ အဓိက အခက်အခဲတွေကတော့ လမ်းတွေ ကျဉ်းမြောင်းတာ၊ ယာဉ်ကြောကျပ်တည်း လမ်းပိတ်ဆို့တာ၊ တစ်ဆက်တည်း မီးငြှိမ်းသတ်ဖို့ ရေလုံလောက်စွာ မရနိုင်တာတွေက အဓိက အခက်အခဲတွေဖြစ်ပါတယ်။ အိမ်တိုင်း၊ မော်တော်ယာဉ်တိုင်းမှာ မီးသတ်ဆေးဘူး အနည်းဆုံး တစ်ဘူးစီ ဆောင်ထားသင့်ပါတယ်။ ရပ်ကွက်တစ်ခုအနေနဲ့ပြောရရင် တစ်ရပ်ကွက်လုံးကို မီးသတ်ယာဉ်အလွယ်တကူ ဝင်၊ ထွက်နိုင်တဲ့ လမ်းတွေဖြစ်ဖို့ လိုအပ်ပါတယ်။ အနည်းဆုံးပေ ၂၀ ကျယ်ရမယ်။ ရေအလွယ်တကူရဖို့ ကြိုတင်စီမံထားရှိရပါမယ်။ စီးပွားရေးနဲ့ စက်မှုလုပ်ငန်းတွေ အတွက်ဆိုရင် မီးဘေးလုံခြုံရေးကို စနစ်တကျစီမံခန့်ခွဲဖို့ နားလည်တတ်ကျွမ်းသူ မီးဘေးလုံခြုံရေး တာဝန်ခံ သတ်သတ်မှတ်မှတ် ခန့်ထားပေးရမှာ ဖြစ်ပါတယ်။

မေး။ ။ မီးသတ်ဦးစီးဌာနအနေနဲ့ သဘာဝဘေး အန္တရာယ်၊ အထူးသဖြင့် ငလျင်ဘေး ကြုံတွေ့လာခဲ့မယ်ဆိုရင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများ ရှိတယ်လို့ သိထားရပါတယ်။ အဲဒါလေးလည်း ရှင်းပြပေးပါဦး။

ဖြေ။ ။ ယနေ့ ကမ္ဘာမှာ ရာသီဥတု ပြောင်းလဲလာမှုနှင့်အတူ အပူ၊ အအေးလွန်ကဲခြင်း၊ ရေ၊ လေ၊ မီး၊ ငလျင်စတဲ့ သဘာဝဘေးအ္တရာယ်များ ပိုမိုဖြစ်ပွားလျက်ရှိပါတယ်။ မြန်မာနိုင်ငံကလည်း ထို့အတူပါပဲ။ ဒါ့ကြောင့်မြန်မာနိုင်ငံ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီကို ဒုတိယသမ္မတ (၂) က ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပါတယ်။ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း ကော်မတီကို ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ပါတယ်။ မြန်မာနိုင်ငံမှာ မြေငလျင်လှုပ်ခတ်မှုကို ပြောရမယ်ဆိုရင် မြန်မာနိုင်ငံအတွင်း ၂၀၁၅ ခုနှစ်က ငလျင် ၂၄ ကြိမ်၊ ၂၀၁၆ ခုနှစ်က ငလျင် ၃၉ ကြိမ်၊ ၂၀၁၇ ခုနှစ်က ငလျင် ၆၆ ကြိမ်၊ ၂၀၁၈ ခုနှစ်က ငလျင် ၁၄၇ ကြိမ်နဲ့ ၂၀၁၉ ခုနှစ်ဇန်နဝါရီလ ၁ ရက်နေ့ကနေ ယနေ့အထိ ငလျင် ၄၄ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ မြေငလျင်ဖြစ်ပွားပြီးရင်လည်း မီးလောင်မှု၊ အိမ်ပြိုကျမှု၊ ရေကြီးရေလျှံမှုစတဲ့ နောက်ဆက်တွဲဆိုးကျိုး တွေဖြစ်တတ်ပါတယ်။ ဒီနှစ် မီးသတ်တပ်ဖွဲ့နေ့မှာ ငလျင်ဒဏ်ကြောင့် နောက်ဆက်တွဲဖြစ်တဲ့ မီးလောင်မှု၊ ပြိုကျ ပျက်စီးမှုအတွက် မီးငြှိမ်းသတ်ခြင်းနဲ့ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ တုံ့ပြန်ဆောင်ရွက်ခြင်းတွေနဲ့ သရုပ်ပြသွားမှာဖြစ်ပါတယ်။ ငလျင်ဘေးသာမက အခြားသဘာဝ ဘေးအ္တရာယ်များအတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ဖို့ တိုင်းဒေသကြီး၊ ပြည်နယ်မြို့တော်များအပြင် မြို့နယ်များအလိုက်လည်း တပ်ခွဲ၊ တပ်စုအလိုက် အင်အားများ ဖွဲ့စည်းထားပြီးဖြစ်ပါတယ်။ ပိုလန်နိုင်ငံမှခေတ်မီ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးသုံး စက်/ယာဉ်ပစ္စည်း ကိရိယာများ ဝယ်ယူထားရှိပြီး ဖြစ်တာမို့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအတွက် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ပြီ ဖြစ်ပါတယ်။ ငလျင်ဘေး တုံ့ပြန်ဆောင်ရွက်ရေးနဲ့ပတ်သက်ပြီးလည်း Earthquake Response Plan များနဲ့ SOP စီမံချက်များ ရေးဆွဲထား ရှိပြီး စီမံချက်အတိုင်း ဆောင်ရွက်လျက်ရှိနေပါတယ်။

မေး။ ။ အရန်မီးသတ်တပ်ဖွဲ့ဝင်များရဲ့ ပါဝင်ဆောင်ရွက်နေတဲ့ အခန်းကဏ္ဍကိုလည်းသိပါရစေ။

ဖြေ။ ။ မီးသတ်ဦးစီးဌာန ရည်မှန်းချက်တာဝန် လေးရပ်ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ဖို့ လုပ်ငန်းစဉ် ခုနစ်ရပ်ချမှတ်ပြီး ဆောင်ရွက်လျက်ရှိပါတယ်။ လုပ်ငန်းစဉ် ခုနစ်ရပ်အနက် လုပ်ငန်းစဉ် (၄) က အရန်နဲ့ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ တိုးချဲ့ ဖွဲ့စည်းရေးနဲ့ လေ့ကျင့်သင်တန်းပေးရေး ဖြစ်ပါတယ်။ေ စတနာ့ဝန်ထမ်း အင်အားများယခုအခါမှာ အရန်မီးသတ်တပ်ဖွဲ့ဝင် အင်အား သုံးသိန်းကျော်ပါတယ်။ မီးသတ်ဦးစီးဌာနရဲ့ ရည်မှန်းချက်တစ်ရပ်ဖြစ်တဲ့ မီးဘေးလုံခြုံရေးက (၁) မီးသတိမူရေး၊ (၂) မီးဘေးကြိုတင်ကာကွယ်ရေး၊ (၃) မီးငြှိမ်းသတ်ရေး တို့မှာ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနဲ့ ပူးပေါင်းပြီး ရပ်ကွက်၊ ကျေးရွာအတွင်း လှည့်လည်ဆော်ဩခြင်း၊ အသိပညာပေးခြင်း၊ စစ်ဆေးဆောင်ရွက်ခြင်းတွေမှာ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်ဆောင်ရွက်လျက် ရှိပါတယ်။ ဒါ့အပြင် အထက်မှာ တင်ပြခဲ့တဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေလည်း ပါဝင်ပါတယ်။ သူတို့ကိုလည်း အခြေခံသင်တန်းများ မပြတ်ပို့ချ ပေးနေပါတယ်။ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေဟာ လစာရ ဝန်ထမ်းများ မဟုတ်ပေမယ့်လည်း ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ(၂၁)အရ ပြည်သူ့ဝန်ထမ်းများ ဖြစ်သည်ဟု မှတ်ယူရမည်ဟု ဥပဒေမှာ ပြဋ္ဌာန်းထားတာရှိပါတယ်။ တကယ့်စေတနာ့ ဝန်ထမ်းအင်အားများ ဖြစ်ပါတယ်။

မေး။ ။ မီးဘေးအန္တရာယ် တားဆီးကာကွယ်ရေးနဲ့ပတ်သက်ပြီး ပြည်သူတွေကို အသိပညာပေးဖို့ အစီအစဉ်တွေ ရှိပါသလားသိပါရစေ။

ဖြေ။ ။ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အနေနဲ့ သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ပြည်သူများကို မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးမှု အစီအစဉ်နှစ်ရပ် ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေပါတယ်။ အဲဒါတွေက စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးမှု အစီအစဉ် (School Based Fire Safety Education Programme) နဲ့ ရပ်ရွာအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးမှုအစီအစဉ် (Community Based Fire Safety Education Programme) တို့ကို စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။ စီးပွားရေးနဲ့ စက်မှုလုပ်ငန်းဌာနများမှာလည်း သီးသန့်မီးသတ်တပ်ဖွဲ့ ဖွဲ့စည်းပြီး မီးငြှိမ်းသတ်ရေးသင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်မှာရှိတဲ့ မီးသတ်သုတေသနနှင့် မီးဘေးလုံခြုံရေး အသိပညာပေးရေးဌာနကို ဖွင့်လှစ်ပြီး ပြည်သူများကို အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ အဲဒီဌာနမှာပဲ ပုဂ္ဂလိကစီးပွားရေးနှင့် စက်မှုလုပ်ငန်းဌာနများအတွက် မီးဘေးလုံခြုံရေး တာဝန်ခံ (Fire Safety Manager) သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိပါတယ်

မေး။ ။ နောက်ဆုံးအနေနဲ့ ပြည်သူများကို ဘာများ အသိပေးချင်ပါလဲခင်ဗျာ။

ဖြေ။ ။ ပြည်သူများကို အသိပေးချင်ဆုံးကတော့အခုအခါမှာ လူတိုင်းကိုယ်စီ လက်ကိုင်ဖုန်းတွေ ရှိနေကြပါတယ်။ မီးလောင်လို့ ပဲဖြစ်ဖြစ်၊ သဘာဝဘေးအ္တရာယ်နဲ့ပဲ တွေ့ကြုံတွေ့ကြုံ၊ မျက်စိရှေ့မှာ ယာဉ်အန္တရာယ်ဖြစ်လို့ပဲဖြစ်ဖြစ် မီးသတ်ဦးစီးဌာနရဲ့ မှတ်ရအလွယ်ကူဆုံးဖြစ်တဲ့ အရေးပေါ် ဖုန်းနံပါတ် ၁၉၁ ကို သတိရဆက်သွယ်ကြပါ။ အဲဒီလို အသိပေး အကြောင်းကြားပေးခြင်းဖြင့် ကျွန်တော်တို့ မီးသတ်တပ်ဖွဲ့ကို ကူညီရာရောက်သလို ကာယကံရှင်များကိုလည်း အမြန်ဆုံး အကူအညီပေးရာ ရောက်ပါတယ်လို့ ထပ်ပြီးပြောချင်ပါတယ်။ ဘေးအန္တရာယ် တစ်ခုနဲ့ မိမိကိုယ်တိုင်ပဲဖြစ်စေ၊ အခြားသူတွေဖြစ်လို့ပဲဖြစ်စေ အရေးပေါ်ဖုန်းနံပါတ် ၁၉၁ ကို အမြန်ဆုံး ဆက်ကြပါလို့ အသိပေးချင်ပါတယ်။

အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ကြေးမုံ