လူတိုင်းကိုင်တွယ် အသုံးပြုနေကြတဲ့ စမတ်ဖုန်းလှလှလေးတွေဟာ ကျန်းမာရေးထိခိုက်နိုင်တယ်လို့ လူတိုင်းနီးပါး သိလာကြပြီဖြစ်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုနယ်ပယ်က ပညာရှင်တွေကလည်း ဒီအချက်ကို မကြာခဏ သတိပေးနေကြပါတယ်။
ဒါပေမယ့် အဆိုပါ သတိပေးချက်တွေကို လိုက်နာနိုင်စွမ်းကတော့ နည်းပါးလွန်းလှပြီး လူတိုင်းနီးပါးဟာ စမတ်ဖုန်းတွေကို ဂရုတစိုက် သုံးစွဲကြခြင်းမရှိကြသေးပါဘူး။ ကျန်းမာရေး ထိခိုက်နိုင်တယ်ဆိုတာကို သိရှိထားကြပေမယ့် ဘယ်လိုရောဂါတွေဖြစ်ပွားနိုင်တယ်ဆိုတာကိုလည်း တိတိပပ သိရှိထားကြခြင်း မရှိကြတာများပါတယ်။
စမတ်ဖုန်းလို အီလက်ထရောနစ်ထုတ်ကုန်တွေဟာ ရောဂါဘယပေါင်းများစွာကို လူတွေဆီ ယူဆောင်လာ နိုင်ပါတယ်။ အခန့်မသင့်လို့ ကိုယ့်မှာမဖြစ်သေးပေမယ့် အကြောင်းတိုက်ဆိုင်လာရင် ရောဂါဝေဒနာတွေ ကြုံတွေ့လာရနိုင်ပါတယ်။ ဒါကြောင့် စမတ်ဖုန်းတွေဟာ လူတွေကို ဘယ်လို ရောဂါဝေဒနာမျိုးတွေ ဖြစ်ပွားစေနိုင်သလဲ ဆိုတာကို ပြောပြချင်ပါတယ်။
ကူးစက်နိုင်သော ရောဂါပိုးမွှားများ
စမတ်ဖုန်းတွေမှာ ကပ်ညိနေတဲ့ ရောဂါပိုးမွှားတွေဟာ အလွန်အန္တရာယ်များပြားကြောင်း သတိပေးမှုတွေရှိနေပါတယ်။ စမတ်ဖုန်း မျက်နှာပြင်တွေမှာ လေထုထဲက ပိုးမွှားတွေသာမက ကိုယ့်ရဲ့လက်၊ ကိုယ်သယ်ဆောင်သွားရာ အိမ်သာ၊ မော်တော်ကား၊ ထမင်းစားခန်း၊ ရုံး၊ စားသောက်ဆိုင်နဲ့ ဘယ်နေရာကမဆို ကပ်ညိလာတဲ့ ပိုးမွှားပေါင်း သိန်းချီရှိနေတတ်ပါတယ်။ အထူးသဖြင့် E. coli လို ဘက်တီးရီးယားတွေဟာ စမတ်ဖုန်းတွေမှာ ကပ်ငြိနိုင်ချေမြင့်မားပါတယ်။ ဒီရောဂါပိုးတွေကြောင့် အရေပြားရောဂါတွေ၊ ဝမ်းပျက်ဝမ်းလျှောလို ရောဂါမျိုးတွေဖြစ်နိုင်ပါတယ်။
Text Neck Syndrome
ဖုန်းကို အချိန်ကြာမြင့်စွာ ငုံ့ကြည့်ကြတဲ့အလေ့အကျင့်ကြောင်း လွန်ခဲ့တဲ့နှစ်အနည်းအငယ်အတွင်းမှာ Text Neck Syndrome ဖြစ်ပွားမှုနှုန်း မြင့်တက်လာခဲ့ပါတယ်။ လည်ပင်းရိုးက အာရုံကြောတွေကို ထိခိုက်စေတဲ ရောဂါဖြစ်ပြီးတော့ ပြင်းထန်ဆိုးရွားတဲ့ အခြေအနေမျိုးမှာ ကျောရိုးမကြီးအထိ နာကျင်မှုခံစားရနိုင်ပါတယ်။
ကင်ဆာဖြစ်နိုင်ချေမြင့်မားခြင်း
တစ်ချို့သောလေ့လာချက်တွေမှာတော့ စမတ်ဖုန်းတွေဟာ ကင်ဆာနဲ့ ကင်ဆာအကျိတ်ဖြစ်ပွားမှုကို တွန်းအားပေးတယ်လို့ ဆိုထားကြပါတယ်။ အဆိုပါအချက်နဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေ ရှိနေဆဲဖြစ်ပါတယ်။
လက်ချောင်းလေးများတောင့်တင်းခြင်း
စမတ်ဖုန်းတွေကို အသုံးပြုချိန်တွေမှာ လက်ချောင်းလေးတွေ တောင့်တင်းတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ လက်မနဲ့ လက်ချောင်းတစ်ချို့ထံပြီး တောင့်တင်းကာ လှုပ်မရတဲ့ရောဂါမျိုးပါ။ အဆိုပါ ဝေဒနာ သက်သာစေဖို့ဆိုရင် ဖုန်းသုံးတာကို ရပ်တန့်ဖို့လိုအပ်မှာဖြစ်ပါတယ်။
လက်မ အဆစ်ရောင်နာ (Thumb Arthritis)
စမတ်ဖုန်းတွေ အသုံးပြုရာမှာ လက်မကို မဖြစ်မနေ အသုံးချရလေ့ရှိတာမို့ လက်မ အဆစ်ရောင်နာ (Thumb Arthritis) ဖြစ်ပွားဖို့ တွန်းအားပေးလေ့ရှိပါတယ်။ စမတ်ဖုန်းအလွန်အကျွံသုံးစွဲတာဟာ အဆိုပါ ရောဂါအခံရှိသူတွေအတွက်လည်း ဝေဒနာပိုမိုဆိုးရွားစေနိုင်ပါတယ်။
Cubital Tunnel Syndrome
ဖုန်းအသုံးပြုသူတွေဟာ Text ရိုက်ချိန်တွေ၊ ဖုန်းပြောဆိုချိန်တွေမှာ သာမန်ထက်ပိုပြီး လက်ကို အသုံးချ ရလေ့ရှိတာမို့ လက်ခုံက Ulnar Nerve ကို ထိခိုက်မှုဖြစ်ပေါ်စေပါတယ်။ ဒီလိုရောဂါမျိုးမဖြစ်အောင် တားဆီးလိုတယ်ဆိုရင် ညအိပ်ချိန်တွေမှာ လက်ကိုဆန့်ဆန့်တန်းတန်းဖြန့်ပြီး အိပ်စက်တာမျိုး ပြုလုပ်သင့်ပါတယ်။
အမြင်အာရုံပြဿနာများ
စမတ်ဖုန်းတွေမှာပါဝင်တဲ့ Blue Light ဟာ အမြင်အာရုံချို့ယွင်းစေဖို့ တွန်းအားပေးပြီး မျက်စိကို နာကျင်စေနိုင်ပါတယ်။ ဒါ့အပြင် မျက်စိရဲ့အမြင်အာရုံအလွှာကိုလည်း အလျှင်အမြန် ပျက်စီးစေနိုင် ပါသေးတယ်။ အထူးသဖြင့် ညဘက်တွေမှာ အသုံးပြုရင် ထိခိုက်နိုင်ချေပိုမြင့်မားပါတယ်။ အဆိုပါ Blue Light မျိုးကို ကွန်ပျူတာ မျက်နှာပြင်တွေ ကလည်း ထုတ်လွှတ်နိုင်ပါတယ်။
အိပ်မပျော်ခြင်း
Blue Light တွေဟာ အမြင်အာရုံတစ်ခုတည်းကိုပဲ ထိခိုက်စေတာမဟုတ်ပါဘူး။ အိပ်စက်ခြင်းကိုလည်း အနှောင့်အယှက်ပေးပါတယ်။ ဒါကြောင့် ညပိုင်း အိပ်ယာမဝင်ခင် နာရီပိုင်းအလိုမှာ ဖုန်းမသုံးဖို့ ဆရာဝန် တွေက မှာကြားလေ့ရှိပါတယ်။ အိပ်ယာဝင်ခါနီး ဖုန်းသုံးမှုကြောင့် အိပ်မပျော်တဲ့ရောဂါ ဖြစ်ပွားစေနိုင်တာကြောင့် ဖြစ်ပါတယ်။
ကျန်းမာရေးစစ်ဆေးရာတွင် အမှားအယွင်းများခြင်း
လေ့လာချက်တွေအရ စမတ်ဖုန်းအသုံးများတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေဟာ ရောဂါလက္ခဏာ စစ်ဆေးရာမှာ ၁၂% အထိ မှားယွင်းနိုင်ချေရှိတယ်လို့ သိရပါတယ်။ သူတို့ရဲ့ စမတ်ဖုန်းတွေဟာ အာရုံစုစည်းမှုကို အနှောင့်အယှက်ပေးတတ်တာကြောင့်ဖြစ်ပါတယ်။ ဒါ့အပြင် စမတ်ဖုန်းတွေကို ကျန်းမာရေးစစ်ဆေးတဲ့ အီလက်ထရွန်နစ် ကိရိယာတွေနဲ့ အလွန်အမင်းနီးကပ်စွာထားရင် အလုပ်မလုပ်တာမျိုးလည်း ဖြစ်တတ်ပါတယ်။
ပတ်ဝန်းကျင်ကို အာရုံမရခြင်း
စမတ်ဖုန်းတွေကို အကြီးအကျယ် အာရုံစိုက်သုံးမိနေချိန်တွေမှာ ဘေးပတ်ဝန်းကျင်က အခြေအနေတွေကို မေ့လျော့နေတာမျိုး၊ သတိလက်လွတ်ဖြစ်သွားတာမျိုးမကြာခနဖြစ်လေ့ရှိပါတယ်။ တကယ်လို့ ကိုယ့်မှာ ဒီလိုအမူအကျင့်မျိုးရှိနေတယ်ဆို ပြင်ဆင်ဖို့လိုအပ်ပါတယ်။ အကြောင်းကတော့ ဒီအမူအကျင့်ကြောင့် ထိခိုက်မှုဖြစ်ပွားနှုန်းမြင့်မားလာနေတာကြောင့်ဖြစ်ပါတယ်။
ဒါ့အပြင် ကျန်းမာရေးပညာရှင်တွေကတော့ လည်ပင်းစောင်းငဲ့ပြီး ဖုန်းဖြေဆိုတာ၊ လမ်းလျှောက်ရင်း ဖုန်းပြောတာ၊ ကားမောင်းရင်း Text Message ပို့တာ၊ ကားမောင်းရင်း ဖုန်းပြောဆိုတာတွေကိုလည်း မပြုလုပ်ဖို့ ပြင်းပြင်းထန်ထန်သတိပေးထားပါတယ်။ အဆိုပါ အပြုအမူတွေဟာ ကြွက်သား၊ အဆစ်အမြစ်၊ အရိုး၊ ဦးခေါင်းနဲ့ အမြင်အာရုံတွေကို ထိခိုက်စေနိုင်တဲ့အပြင် မတော်တဆမှုတွေလည်း ဖြစ်နိုင်တာမို့ အသက်ဘေးအန္တရာယ်လည်း ထိခိုက်နိုင်တာမို့ဖြစ်ပါတယ်။
ရေးသားသူ Ye Zon Aung ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”