ဇော်ဇော်အောင် (မန္တလေး)
နိုင်ငံတစ်ခုတည်ဆောက်ကြရာမှာ အင်မတန် အရေးကြီးလှပြီး တစ်ခုနဲ့တစ်ခုလည်း အထူးဆက်စပ်နေတဲ့ အကြောင်းအရာသုံးရပ်အကြောင်းကို တင်ပြလိုပါတယ်။ ဒီအကြောင်းအရာတွေကတော့ စနစ်(system)၊ စံ(norm)နဲ့ ရလဒ်(result) တို့ပဲဖြစ်ပါတယ်။
နိုင်ငံရေးအယူဝါဒဆိုင်ရာစနစ်
စနစ်ဆိုတာက ဒီနေရာမှာ နိုင်ငံရေးစနစ်ကိုဆိုလိုတာဖြစ်ပေမယ့် အထူးအလေးပေးပြောဆိုချင်တာက နိုင်ငံတစ်ခု တည်ငြိမ်ဖို့၊ အေးချမ်းဖို့၊ လွတ်လပ်ဖို့၊ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အုပ်ချုပ်ရေးကို ဘယ်လိုသွားမယ်၊ ဥပဒေပြုရေးကို ဘယ်လိုသွားမယ်၊ တရားစီရင်ရေးကို ဘယ်လိုသွားမယ်၊ တခြားကျန်တဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနဲ့ ယဉ်ကျေးမှုတွေ တိုးတက်ကောင်းမွန်အောင် ဘယ်လို သွားမယ်ဆိုတာကို အတိအကျရေးဆွဲပြဋ္ဌာန်းပြီး အကောင်အထည်ဖော်ဆောင်ရွက်တာကို ဆိုလိုတာဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်၊ ဖက်ဒရယ်စနစ် စတဲ့ နိုင်ငံရေးအယူဝါဒဆိုင်ရာ စနစ်သဘောကို ဆိုလိုတာမဟုတ်ပါဘူး။
အဲဒီ အကောင်အထည်ဖော်ရေးပုံစံစနစ် (system of implementation) တွေကို ဆန်းစစ်ကြည့်ရင် ဘယ်နိုင်ငံရေးအယူဝါဒကိုပဲ အခြေခံရေးဆွဲထားတာဖြစ်စေ စနစ်တွေအားလုံးနီးပါးဟာ ကောင်းမွန်နေတာကို ယေဘုယျအားဖြင့် တွေ့ရမှာဖြစ်ပါတယ်။ ဒီလိုကောင်းမွန်နေရခြင်း အကြောင်းရင်းကတော့ ဒီစနစ်တွေ ရေးဆွဲပြဋ္ဌာန်းကြရာမှာ ဘယ်နိုင်ငံရေးဆိုင်ရာ ဝါဒသဘောတရားကို အခြေခံတာဖြစ်စေ စနစ်တွေကို နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး၊ ငြိမ်းချမ်းသာယာဝပြောရေးအတွက် မဖြစ်မနေ မဟာဗျူဟာတွေချမှတ်ရေးဆွဲပြီး အဲဒီ မဟာဗျူဟာနဲ့ ကိုက်ညီအောင် သတ်မှတ်ရေးဆွဲ ပြဋ္ဌာန်းကြလေ့ရှိတာကြောင့်ပဲဖြစ်ပါတယ်။
ဘယ်အစိုးရ၊ ဘယ်ခေါင်းဆောင်မဆို သူ့နိုင်ငံ၊ သူ့လူ့အဖွဲ့အစည်း ပျက်စီးရာပျက်စီးကြောင်း ရည်ရွယ်တဲ့စနစ်မျိုးကို ဘယ်တော့မှ စဉ်းစား စိတ်ကူးလေ့မရှိတာကြောင့်လည်းဖြစ်ပါတယ်။
စနစ်တွေကောင်းကြတယ်ဆိုရင် ဘာကြောင့်တချို့နိုင်ငံတွေက တိုးတက်ဖွံ့ဖြိုးကြပြီးတော့ တချို့နိုင်ငံတွေကျ ဆုတ်ယုတ်ကြရသလဲ။ ဘာကြောင့် တချို့နိုင်ငံတွေက အများကြီးဖွံ့ဖြိုး တိုးတက်ကြပြီးတော့ တချို့နိုင်ငံတွေက အတော် အသင့်ပဲ တိုးတက်ကြသလဲလို့ မေးစရာရှိပါတယ်။
စနစ်တွေကောင်းသော်ငြားလည်း အဲဒီစနစ်တွေကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ဖို့အတွက်၊ တစ်နည်းအားဖြင့် ရလဒ်ကောင်းတွေ ထွက်နိုင်ဖို့အတွက်၊ တစ်နည်းအားဖြင့် စနစ်ရဲ့ထောက်ပံ့အားနဲ့ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ဖို့အတွက် သာယာဝပြောတဲ့၊ ဖူလုံပြည့်စုံတဲ့ လူ့ဘောင်တစ်ရပ်ကို စနစ်ရဲ့စွမ်းအားနဲ့ ပီပီပြင်ပြင် ထူထောင်နိုင်ဖို့အတွက်ဆိုရင် စနစ်ကောင်းရုံနဲ့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။
စိတ်ဓာတ်နဲ့သဘောထားတွေမှာလည်း ထင်ဟပ်နေဖို့ မဖြစ်မနေလိုအပ်
စနစ်တစ်ခုနဲ့ လိုက်လျောညီထွေရှိတဲ့ စံတွေ (norms)၊ တစ်နည်းအားဖြင့် တန်ဖိုးတွေ (values) ဟာ စနစ်မှာလည်း ပြည့်ပြည့်ဝဝ ထင်ဟပ်နေဖို့ မဖြစ်မနေလိုအပ်သလို နိုင်ငံတွင်း မှီတင်းနေထိုင်ကြတဲ့ နိုင်ငံသားတွေရဲ့ပြုမူကြပုံ၊ လုပ်ကိုင် ဆောင်ရွက်ကြပုံ၊ တွေးခေါ်မြော်မြင်ကြပုံ၊ စိတ်ဓာတ်နဲ့ သဘောထားတွေမှာလည်း ထင်ဟပ်နေဖို့ မဖြစ်မနေလိုအပ်တာ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ စံတန်ဖိုးတွေဟာ စနစ်မှာရော လူ့အဖွဲ့အစည်း (နိုင်ငံသားတွေ) ဆီမှာပါ မှန်မှန်ကန်ကန် ပြည့်ပြည့်ဝဝ ထင်ဟပ်နေမှသာ အဲဒီစနစ်ကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ကြတဲ့ နေရာမှာ ထိရောက်နိုင်မှာဖြစ်ပါတယ်။ အဲဒီလို ထိထိရောက်ရောက် လုပ်ကိုင်ဆောင်ရွက် အကောင်အထည်ဖော်နိုင်ကြမှသာ ရလဒ်ကောင်းတွေဖြစ်တဲ့ နိုင်ငံသာယာဝပြောခြင်း၊ ငြိမ်းချမ်းစည်ပင်ခြင်း၊ စားဝတ်နေမှုပြည့်စုံဖူလုံ ကုံလုံ ကြွယ်ဝခြင်းရှိတဲ့အခြေအနေတစ်ရပ်ကို အမှန် တကယ်ရောက်ရှိကြမှာဖြစ်ပါတယ်။
ဒီအတွက် ပထမအဆင့်မှာ စနစ်နဲ့သက်ဆိုင်သမျှသော စံတန်ဖိုးတွေကို ကျကျနန ပြဋ္ဌာန်းဖို့ လိုအပ်ပါတယ်။ ဒုတိယအဆင့်အနေနဲ့ လူ့အဖွဲ့အစည်းတစ်ရပ်လုံး (နိုင်ငံသားအားလုံး)က စံတန်ဖိုး တွေကို ကောင်းစွာနားလည် သဘောပေါက်ကြပြီး အစစ်အမှန်အလေးအနက် တန်ဖိုးထားကြဖို့ဖြစ်ပြီး တတိယအဆင့်အနေနဲ့ စံတန်ဖိုးတွေကို လေးစား လိုက်နာကြဖို့ လိုအပ်ပါတယ်။ ဒီအခြေအနေကို ရောက်ပြီဆိုရင် စနစ်တစ်ခုကို အကောင်အထည် ဖော်တဲ့အခါ ရလဒ်ကောင်းတွေ သေချာပေါက်ဖြစ်ထွန်းလာဖို့ အခြေအနေကောင်းတစ်ရပ်ကို တည်ဆောက်နိုင်ပြီလို့ ပြောရမှာဖြစ်ပါတယ်။ ဒီလိုမှမလုပ်နိုင်ရင်တော့ စနစ်၊ စံနဲ့ ရလဒ်ကြား အပြန်အလှန် ဆက်နွှယ်မှီခိုအကျိုးပြုမှု ပျက်ယွင်း တာကြောင့် စနစ်ဟာ နောက်ဆုံးပြိုလဲရတာပါပဲ။
ဒီတော့ စနစ်ကောင်းတစ်ရပ်ကို သတ်မှတ် ပြဋ္ဌာန်းလိုက်ကြရုံနဲ့ အကျိုးရလဒ်တွေဟာ သေချာပေါက်ရလာမယ်လို့ အာမခံချက်မရှိတဲ့အခြေအနေတွေပေါ်ပေါက်လာတတ်တာ၊ တစ်ခါ အဲဒီစနစ်ကောင်းကို လက်တွေ့ကြိုးစား အကောင်အထည်ဖော်ကြပေမယ့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာခြင်းမရှိတာ၊ နိုင်ငံသားတွေ လူမှုဘဝတွေ ပြည့်စုံ ကောင်းမွန်တဲ့အခြေအနေတစ်ရပ်ဆီ သိသိသာသာ ရောက်ရှိနိုင်ခြင်းမရှိတာဟာ စံတန်ဖိုးတွေက စနစ်မှာဖြစ်စေ၊ လူ့အဖွဲ့အစည်းမှာဖြစ်စေ ပီပီပြင်ပြင် နက်နက်ရှိုင်းရှိုင်း ထင်ဟပ်နေခြင်းမရှိတာကြောင့် ဖြစ်တယ်ဆိုတဲ့ အင်မတန်မှ အခြေခံကျတဲ့ အကြောင်းတရားကြောင့်ပဲဖြစ်ပါတယ်။
စနစ်တစ်ခုရဲ့စံတန်ဖိုး
ဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေ၊ ကျင့်ဝတ်တွေ စသည်အားဖြင့် စနစ်တွေအသီးသီးမှာ သတ်မှတ်ထားတာတွေ ကောင်းကောင်းမွန်မွန် ရှိပြီးသားဖြစ်ပါတယ်။ ဒီအကြောင်းအရာတွေဟာ စံတန်ဖိုးတွေ ဖြစ်တည်မှုအတွက် သတ်မှတ်ပြဋ္ဌာန်း ချက်တွေဖြစ်ပြီး ဒီအကြောင်းအရာတွေကိုယ်တိုင်ကလည်း စနစ်တစ်ခုရဲ့စံတန်ဖိုး (အစိတ်အပိုင်း တချို့) ဖြစ်ပါတယ်။ ဆိုလိုတာကတော့ လူ့အဖွဲ့ အစည်းတစ်ရပ်၊ နိုင်ငံတစ်ခုဟာ ဂုဏ်သိက္ခာတွေနဲ့ ပြည့်စုံစွာရပ်တည်နိုင်ဖို့၊ ဖွံ့ဖြိုးတိုးတက်နေဖို့အတွက်၊ တစ်နည်းအားဖြင့် သတ်မှတ်ပြဋ္ဌာန်း အကောင်အထည် ဖော်နေတဲ့စနစ်ဟာ အလုပ်ဖြစ် အကျိုးရှိဖို့အတွက် စာအားဖြင့်ရေးသားပြဋ္ဌာန်းထားတဲ့ ဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေ၊ စာအားဖြင့်ရေးသားသတ်မှတ်မထားပေမယ့်လည်း လူတစ်ယောက်ချင်းနဲ့ လူ့အဖွဲ့အစည်း တစ်ရပ်လုံးက လိုက်နာသင့်လိုက်နာအပ်တယ်လို့ အစဉ်အလာအရ ပြဋ္ဌာန်းထားတဲ့ကျင့်ဝတ်တွေအတိုင်း စနစ်ကိုလည်း တိတိကျကျ အကောင်အထည်ဖော်နိုင်ဖို့လိုအပ်သလို လူ့အဖွဲ့အစည်း (နိုင်ငံသားတွေ)ကလည်း တန်ဖိုးထား လိုက်နာကြဖို့ဖြစ်ပါတယ်။ ဒီအခြေအနေကို ရရှိရောက်ရှိကြမှသာ စနစ် (ကောင်း) တစ်ရပ်ဟာ စတင်သက်ဝင် လှုပ်ရှားလာနိုင်မှာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် စနစ်ဟာ အကျိုးရလဒ်ကောင်းတွေဆီ ဦးတည်ရွေ့လျားနိုင် မှာဖြစ်ပါတယ်။ (အခြားသော အရေးကြီးတဲ့စံတန်ဖိုး တွေကတော့ လွတ်လပ်မှု၊ တရားမျှတမှု၊ စာနာမှု၊ လူ့အဖွဲ့အစည်းနဲ့ လူနဲ့ကြားမှာ ရှိသင့်ရှိထိုက်တဲ့ အပြန်အလှန် ထောက်ပံ့အကျိုးပြုမှု၊ တစ်ပါးသူရဲ့ အခွင့်အရေးတွေနဲ့ ရပ်တည်မှု၊ ယုံကြည်မှုကို လေးစားတန်ဖိုးထားမှု၊ မိမိဂုဏ်သိက္ခာ၊ တစ်ပါးသူ ဂုဏ်သိက္ခာ၊ လူ့အဖွဲ့အစည်းဂုဏ်သိက္ခာနဲ့ နိုင်ငံ ဂုဏ်သိက္ခာတို့ကို စောင့်ရှောက်လိုစိတ်ရှိမှု စတဲ့နိုင်ငံတစ်ခုရဲ့ပုံရိပ်မှာရော နိုင်ငံသားတွေထံမှာပါ မဖြစ်မနေရှိသင့်ရှိအပ်တဲ့ စံတန်ဖိုးတွေ ဖြစ်ပါတယ်။)
ဒီစံတန်ဖိုးတွေဟာ အနှစ်သာရအပြည့်အဝ တည်ရှိဖြစ်ထွန်းနေဖို့အတွက် စနစ်ဟာ သတ်မှတ်ထားတဲ့ ဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေ၊ ကျင့်ဝတ်တွေနဲ့အညီ အကောင်အထည်ဖော်နေဖို့၊ လည်ပတ်နေဖို့ လိုအပ်ပါတယ်။
ဖော်ပြပါအခြေအနေတွေ စတင်တည်ရှိ ဖြစ်ထွန်းလာပြီဆိုတာနဲ့ စနစ်တစ်ခုရဲ့ ကောင်းကျိုးတွေဟာလည်း စတင်ဖြစ်ထွန်းတည်ရှိလာတတ်တဲ့ သဘောသဘာဝရှိပါတယ်။ ဆန့်ကျင်ဘက်အားဖြင့် ဖော်ပြပါစံတန်ဖိုးတွေဟာ စနစ်မှာရော လူ့အဖွဲ့အစည်း (နိုင်ငံသားတွေ) မှာပါ ထင်ဟပ် နေခြင်းမရှိဘူးဆိုရင်တော့ ဘယ်လိုကောင်းကျိုး ရလဒ်ကိုမှ မျှော်လင့်ဖို့ ဖြစ်ထွန်းလာဖို့ မဖြစ်နိုင်ပါဘူး။ စနစ်တစ်ခုကို ရေးဆွဲသတ်မှတ်ပြဋ္ဌာန်းပြီး လက်တွေ့ အကောင်အထည်ဖော်ကြတာချင်း အတူတူ တချို့သောစနစ်တွေ သို့တည်းမဟုတ် တချို့သောနိုင်ငံတွေက စနစ်ရဲ့ ကောင်းကျိုးရလဒ် တွေ ပေါ်ထွက်ဖြစ်ထွန်းတာ၊ တချို့နိုင်ငံတွေမှာ အများကြီးဖြစ်ထွန်းပြီး တချို့နိုင်ငံတွေမှာ အတော် အသင့်သာ ဖြစ်ထွန်းတာ၊ တချို့နိုင်ငံတွေမှာတော့ ကောင်းကျိုးရလဒ် လုံးဝဖြစ်ထွန်းမလာနိုင်တာ စတဲ့အကျိုးဆက်အားလုံးဟာ စနစ်ကိုသာ အကောင်အထည်ဖော်ပြီး လိုအပ်တဲ့ မရှိမဖြစ် စံတန်ဖိုးတွေ ဖြစ်တည်လာအောင် စွဲမြဲနေအောင် ဆောင်ရွက်ရေး ဘယ်လောက်ကြိုးစားအားထုတ် သလဲဆိုတဲ့အတိုင်းအတာနဲ့ ဘယ်လောက်မေ့လျော့ ပျက်ကွက်နေကြသလဲဆိုတဲ့ အတိုင်းအတာပေါ်မှာ လုံးလုံးမူတည်တာပဲဖြစ်ပါတယ်။
ဒါကြောင့် ဘယ်လိုစနစ်မျိုးကိုပဲရွေးချယ်တာပဲဖြစ်စေ၊ ပြဋ္ဌာန်းတာပဲဖြစ်စေ၊ အကောင်အထည် ဖော်တာပဲဖြစ်စေ ရလဒ်ကောင်းတွေရရှိစေဖို့ဆိုရင်၊ တစ်နည်းအားဖြင့် နိုင်ငံတော်နဲ့ နိုင်ငံသားတို့ အကျိုးစီးပွားကို စနစ်အားဖြင့် ဖြစ်ထွန်းပေါ်ပေါက် စေဖို့ဆိုရင် စနစ်၊ စံတန်ဖိုးတွေနဲ့ ရလဒ်တို့အကြားရှိ နက်နဲတဲ့ဆက်နွှယ်မှုကို မဖြစ်မနေထည့်သွင်း စဉ်းစား အကောင်အထည်ဖော်ဆောင်ရွက်ကြရမှာ ဖြစ်တဲ့အကြောင်း လေးစားစွာ တင်ပြအပ်ပါတယ်။