စွန့်စားခြင်းနှင့် သဘာဝတရားကို ရှာဖွေသည့် ခရီးစဉ်သစ်များကို ဖေဖော်ဝါရီ ပိတ်ရက်များအတွက် လူငယ်များရွေးချယ်

နေပြည်တော် ၉ ဖေဖော်ဝါရီ

 

မကြာမီ ရက်ပိုင်းအတွင်း လေးရက်တာ ပိတ်ရက်ကာလကို ရောက်ရှိလာတော့မည် ဖြစ်သည်။ ပိတ်ရက် ကာလအတွင်း ခရီးသွားလိုသူ လူငယ်အများစုက ခရီးစဉ်များ ရွေးချယ်မှုတွင် ပုံမှန်ခရီးစဉ်များထက် ခရီးသွား ဝန်ဆောင်မှုများက အသစ်ရှာဖွေထားသည့် စွန့်စားခြင်း ခရီးစဉ်များနှင့် သဘာဝ အလှတရားများကို ရရှိခံစားနိုင်မည့် ခရီးစဉ်ရက်တိုများကို ပိုမိုရွေးချယ်လာကြောင်း ခရီးသွားဝန်ဆောင်မှု လုပ်ငန်းများထံက သိရှိရသည်။

 

 

“ပြည်တွင်း ခရီးသွား လုပ်ငန်းက ပုံစံပြောင်းလာတယ်။ ခရီးစဉ်တွေက အရင်လို ဘုရားဖူးတစ်ခုတည်း မဟုတ်တော့ဘူး။ ကမ်းခြေသွားတာ တစ်ခုတည်း မဟုတ်တော့ဘူး။ အများစုက ဘုရားလည်း ဖူးလို့ရမယ်။ အပန်းလည်းပြေမယ်။ ဒေသန္တရ ဗဟုသုတကိုလည်း အတွင်းကျကျ ရရှိမယ်ဆိုတဲ့ ရည်ရွယ်ချက် သုံးခုနဲ့ ခရီးစဉ်တွေကို ရွေးချယ်လာကြတယ်။ နောက်ပိုင်းမှာ ထရက်ကင်းလို ခရီးစဉ်တွေလည်း လူငယ်တွေ ကြိုက်ကြတယ်။ အခု ရက်ပိုင်းမှာတော့ ရက်တိုတိုနဲ့ အသွားများတဲ့ နေရာတွေက ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကယားပြည်နယ် ခရီးစဉ်တွေအားလုံး လူကြိုက်များကြတယ်။ ကမ်းခြေသွားတဲ့ သူတွေလည်း ရှိတယ်။ ကျွန်မတို့ဆီမှာတော့ ခရီးစဉ်တွေအားလုံး လူပြည့်နေပါပြီ”ဟု ခေတ်မြန်မာ ခရီးသွားဝန်ဆောင်မှု လုပ်ငန်းမှ မန်နေးဂျင်း ဒါရိုက်တာ မဟေမန်ဦးက ပြောပြသည်။

 

 

လူငယ်အများစု ရွေးချယ်သည့် ဖေဖော်ဝါရီလ ဒုတိယပတ် ခရီးစဉ်များမှာ ငပလီ သုံးညအိပ် ခရီးစဉ်၊ ရန်ကုန်-ဘန်ဘွေကျင်း ရေတံခွန်- ဂုတ်ထိပ်- ပြင်ဦးလွင်-မန္တလေးခရီးစဉ်၊ ပြည်-မြောက်ဦး-အကောက်တောင်ခရီးစဉ်၊ မလိဝှမ်းရေတံခွန်- ငါးသုံးလုံးတောင်- ပြည်တော်အေးစေတီ- ဘုရင့်နောင်ကုန်း- ဘုရင့်နောင်အငူ- ဇာဒက်ကြီးကျွန်း-စေတန်ကျွန်း- မြင်းခွာကျွန်း(ကော့သောင်း)ခရီးစဉ်၊ နောင်ချို ဂုတ်ထိပ်- ရေပျံတောင်ရေတံခွန်ခရီးစဉ်၊ နောင်ချို ဂုတ်ထိပ်တံတားအောက် ပထမဂူ ခရီးကြမ်း(ထရက်ကင်း) ခရီးစဉ်၊ ကျိုက်ထီးရိုးဘုရားဖူး ခရီးစဉ်၊ ထားဝယ်-တီဇက်ကမ်းခြေ- ပဇင်ကျွန်း- ပညစ်ကမ်းခြေခရီးစဉ်၊ ဂေါ်ရင်ဂျီကျွန်းခရီးစဉ်၊ ငပလီကမ်းခြေခရီးစဉ်နှင့် မွန်-ကရင် သဘာဝထုံးကျောက်ဂူများ လေ့လာရေးခရီးစဉ် တို့ဖြစ်ကြောင်း ခရီးသွားဝန်ဆောင်မှု လုပ်ငန်းများထံက သိရှိရသည်။

 

 

“ပြီးခဲ့တဲ့ ခရစ္စမတ် ပိတ်ရက်တုန်းက ရှမ်းပြည်နယ် ဂုတ်ထိပ်ခရီးစဉ် သွားဖြစ်ခဲ့တယ်။ တော်တော်လည်း ပျော်စရာ ကောင်းတယ်။ ပင်လည်းပင်ပန်းခဲ့တယ်။ ဒါပေမယ့် အလုပ်တွေကို ခဏမေ့ထားပြီး ရက်နည်းနည်းနဲ့ အတွေ့အကြုံတွေ အများကြီးရခဲ့တယ်။ ခရီးသွားရတာ ပျော်စရာလည်းကောင်းသလို စိတ်လှုပ်ရှားဖို့လည်း ကောင်းပါတယ်။ ကိုယ့်နိုင်ငံမှာ လူတွေတော်တော်များများ မရောက်သေးတဲ့ မတွေ့ကြရသေးတဲ့ အလှတွေ အများကြီး ကျန်သေးတယ်။ စိတ်ဝင်စားဖို့ကောင်းသလို အကုန်အကျကလည်း နာမည်ကြီးနေရာတွေ သွားတာထက်စာရင် အများကြီးသက်သာတယ်။ အခုဖေဖော်ဝါရီ ပိတ်ရက်မှာတော့ ကျွန်မနဲ့ သူငယ်ချင်းတွေက ထားဝယ်ကို သွားမယ်။ ထားဝယ်အထိကတော့ ကိုယ့်အစီအစဉ်နဲ့ ကိုယ်ပဲ။ ဟိုရောက်ရင် ထားဝယ်မင်းသမီး ရေယာဉ်နဲ့ ကမ်းရိုးတန်း တစ်ရက်ခရီးကို သွားမယ်။ တစ်ခါမှ မရောက်ဖူးသေးတော့ စိတ်တော့လှုပ်ရှားတယ်။ ဓာတ်ပုံလည်း ကောင်းကောင်းရိုက်လို့ရမယ်၊ အစားအသောက်လည်း ကောင်းမယ်၊ သဘာဝတရားကြီးကိုလည်း ခံစားခွင့် ရမယ်လို့ မျှော်လင့်ထားတယ်” ဟု ကုမ္ပဏီဝန်ထမ်း  မမေက သူ့ခရီးစဉ်အကြောင်းကို ရှင်းပြသည်။

 

ပိတ်ရက် လေးရက်တာ ကာလအတွင်း ခရီးသွားနိုင်ရန် ခရီးစဉ်တိုများကိုလည်း ခရီးသွားလုပ်ငန်းများက ကြိုတင်ရေးဆွဲထားကြပြီး ခရီးသွားများအတွက် လိုအပ်သည့် ဖြည့်ဆည်းမှုများကိုလည်း လုပ်ဆောင်ပေးရန် ရည်ရွယ်ထားကြသည်။ “အခုနောက်ပိုင်းမှာ မိသားစုလိုက် ခရီးသွားတာထက် မိတ်ဆွေ၊ အပေါင်းအသင်းတွေနဲ့ သွားလည်ကြတာ ပိုပြီးအားကောင်းလာတာ တွေ့ရတယ်။ ကျွန်တော်တို့ကတော့ ခရီးသည်တွေရဲ့ ဘေးကင်း လုံခြုံမှု၊ နေထိုင်စားသောက် လည်ပတ်ရာမှာ သက်တောင့်သက်သာရှိမှုကို စဉ်းစားရတယ်။ အရင်နှစ်တွေက ထက်စာရင် ပြည်တွင်း ခရီးသွားလုပ်ငန်းက အများကြီး ဖွံ့ဖြိုးလာတာကို တွေ့ရတယ်။ လမ်းပန်းဆက်သွယ်ရေး တွေလည်း အားကောင်းလာတော့ အရင်လို အခက်အခဲတွေ သိပ်မရှိတော့ဘူး။ သွားတဲ့အခါမှာလည်း ရက်တိုတိုနဲ့ ခရီးပိုတွင်လာတယ်။ ဖေဖော်ဝါရီ ပိတ်ရက်အတွင်းမှာ ကျွန်တော်တို့ ရည်ရွယ်ထားတာကတော့ ပြည်- အကောက်တောင်နဲ့ မြောက်ဦးခရီးစဉ်ပေါ့။ သုံးရက်အတွင်းမှာ ခရီးသွားတွေအတွက် ထိုက်တန်တဲ့ အတွေ့အကြုံတွေရနိုင်ဖို့ ကြိုးစားထားပါတယ်”ဟု  အံ့ဖွယ်မြန်မာ့ရှုခင်း ခရီးသွားလုပ်ငန်းမှ ကိုစည်သူက ပြောသည်။

 

“ကျွန်တော်ကတော့ ဒီနှစ်ထဲမှာ နာမည်ကြီးလာတဲ့ ရေပျံတောင်ကို သွားဖို့ စီစဉ်ထားတယ်။ ကျွန်တော့်အတွက်တော့ ဒါက ဒုတိယခရီးစဉ်ပေါ့။ ဇန်နဝါရီလတုန်းက ရောက်ခဲ့သေးတယ်။ အခုက သူငယ်ချင်းတွေကို လိုက်ပို့ပေးမှာ။  ကျွန်တော့်မိတ်ဆွေ တစ်ယောက်က အဲဒီမှာ ခရီးသွားတွေ လာပြီးအပန်းဖြေနိုင်ဖို့ တော်တော်လေး လုပ်ထားတယ်။ ရှမ်းပြည်နယ် နောင်ချိုမြို့ကနေ သွားရမှာပါ။ နောင်ချိုကနေ ငါးပင်ရွာကို ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းနဲ့ချိတ်ပြီး သွားရမယ်။ အဲဒီကနေ လမ်းလျှောက် လည်းရတယ်။ ဆိုင်ကယ်နဲ့သွားမယ်ဆိုလည်း ရတယ်။ တော်တော်လှပြီး သာယာတယ်။  လူတစ်ယောက်ကို ခရီးစဉ် အစအဆုံးဆိုရင် တစ်သိန်းခွဲလောက်တော့ ကုန်မယ်”ဟု မိတ်ဆွေများနှင့် နောင်ချိုသို့သွားရန် ပြင်ဆင်နေသူ ကိုဝေထွန်းက ပြောပြသည်။

 

ခုနှစ်အတွင်း ပိတ်ရက်တိုများ ဆက်တိုက်ပါဝင်မှုများပြားသဖြင့် ခရီးစဉ်အများစုကို သုံးရက်မှ လေးရက်ခရီးစဉ်များ ပိုမိုရေးဆွဲလာကြပြီး ဈေးနှုန်းများမှာမူ ခရီးစဉ် အကွာအဝေး၊ ဝန်ဆောင်မှုနှင့် ထပ်ဆောင်းခရီးစဉ်ကြေးများအရ လူတစ်ဦးလျှင် ရက်တိုသုံးညအိပ် လေးရက်ခရီးစဉ်အတွက် ငွေကျပ် ခုနစ်သောင်းမှ လေးသိန်းအထိ ရှိနေကြောင်း အိုးဝေ ခရီးသွားလုပ်ငန်းမှ သိရှိရသည်။

 

သတင်း-ခင်ရတနာ၊ ဓာတ်ပုံ-ပိုး